Connect with us

Social

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ပင့်ဆောင်လာသည့် မြတ်စွာဘုရား၏ အရိုးဓာတ်တော်သည် မြန်မာနိုင်ငံတွင် ၇ ရက်ကြာ အပူဇော်ခံမည်

မြန်မာနိုင်ငံတွင် ၇ ရက်ကြာ အပူဇော်ခံမည့် အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသမှ မြတ်စွာဘုရား၏ အရိုးဓာတ်တော်အား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ပင့်ဆောင်လာသည့် အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသမှ မြတ်စွာဘုရား၏ အရိုးဓာတ်တော်သည် မြန်မာနိုင်ငံတွင် ၇ရက်ကြာ အပူဇော်ခံမည်ဖြစ်ကြောင်း သီတဂူဗုဒ္ဓတက္ကသိုလ်မှ သတင်းရရှိသည်။

အဆိုပါ မြတ်စွာဘုရား၏ ဓာတ်တော်ကို စစ်ကိုင်းမြို့ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကျင်းပမည့် ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်မည့် တိဗက် ဘုန်းတော်ကြီး က ပင့်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

မြတ်စွာဘုရား၏ အရိုးဓာတ်တော်သည် ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် နှင့် ညနေပိုင်းတွင် စစ်ကိုင်းကောင်းမှုတော် စေတီတော်၌ သီတင်းသုံးမည် ဖြစ်သည်။

ဇန်နဝါရီ ၂၃ ရက်တွင် မန္တလေးမြို့ မဟာမုနိ ဘုရားကြီး၌ လည်းကောင်း၊ ဇန်နဝါရီ ၂၄ ရက်တွင် မန္တလေးမြို့ သုဓမ္မာ ကျောင်းတော်၌ လည်းကောင်း အပူဇော်ခံမည် ဖြစ်သည်။ ဇန်နဝါရီ ၂၅ ရက် နံနက်တွင် မန္တလေးမြို့မှ မိတ္ထီလာမြို့ ဆုတောင်းပြည့် သာသနာ့ဗိမာန် သို့ ကြွချီတော်မူမည် ဖြစ်ပြီး ယင်းမှ နေပြည်တော် သို့ ကြွချီကာ ညအိပ် သီတင်းသုံးမည် ဖြစ်သည်။

ဇန်နဝါရီ ၂၆ ရက်တွင် နေပြည်တော်မှ တောင်ငူမြို့သို့ ကြွချီပြီး တောင်ငူမြို့ ရွှေဆံတော် ဘုရား၌ နေ့လယ် အပူဇော်ခံမည် ဖြစ်သည်။ ယင်းမှ အုတ်ဖိုမြို့ ဥတိုမြို့သစ် အောင်ချမ်းသာ ဘုရားဝင်းသို့ကြွ ချီပြီး ညအိပ် သီတင်းသုံးမည် ဖြစ်သည်။

ဇန်နဝါရီ ၂၇ ရက်တွင် အုတ်ဖိုမြို့နယ်မှ ရန်ကုန်မြို့သို့ ကြွချီတော်မူကာ ရွှေတိဂုံစေတီတော် ချမ်းသာကြီး တန်ဆောင်း၌ ဇန်နဝါရီ ၂၈ ရက်ထိ အပူဇော်ခံမည် ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်တွင် အိန္ဒိယနိုင်ငံသို့ ပြန်လည် ပင့်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)