Connect with us

Social

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် ရှိ မြို့နယ် ၃၃ မြို့နယ်တွင် တစ်ရက် လျှင် တန်ချိန် ၂၅၀၀ ကျော် ၂၆၀၀ လောက်အမှိုက်ထွက်ရှိ

အမှိုက်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် ရှိ မြို့နယ် ၃၃ မြို့နယ်တွင် တစ်ရက် လျှင် တန်ချိန် ၂၅၀၀ ကျော် ၂၆၀၀ လောက်အမှိုက်ထွက်ရှိကြောင်း ၎င်းအမှိုက်များထဲတွင် ပလပ်စတစ်နှင့် နှီးနွယ်ပစ္စည်းက ၁၂ ရာခိုင်နှုန်း ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူက ဒေါက်တာအောင်မြတ်မော်က ဆင်ဟွာကိုယနေ့ပြောသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ် ပလတ်စတစ်သုံးစွဲမှုပမာဏဟာ တန်ချိန် သန်းပေါင်း ၂၇၅ သန်းရှိကြောင်း၊ ယခုအခါ မြောက်ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ စွန့်ပစ်ထား သည့် တန်ချိန် ၉သန်းခန့်ရှိတဲ့ ပလတ်စတစ် အမှိုက်ထုကြီးမှာ သမုဒ္ဒရာအတွင်းစီးမျောနေပြီး ရေသတ္တဝါများနှင့် ပင်လယ်ကူးသင်္ဘောများအတွက် ဘေးအန္တရာယ် ဖြစ်နေကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။

ယခုအခါ လူသားများ၏ မဆင်မခြင် လုပ်ရပ်များကြောင့် သဘာ၀ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ တဖြည်းဖြည်းယိုယွင်းပျက်စီးလာလျက် ရှိနေပါသည်။ သဘာ၀ပတ်ဝန်းကျင် ယိုယွင်းပျက်စီးစေသည့် ပြဿနာ များအနက် အဖြူရောင်အန္တရာယ် (White Pollution) လို့ခေါ်ဆိုသည့် ကြွပ်ကြွပ်အိတ်ခေါ် ပလတ်စတစ်အိတ်ပြဿနာ သည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင် တစ်ဦးကဆိုသည်။

အမှိုက်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ– MOI) 

အမှိုက်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ– MOI) 

လွန်ခဲ့တဲ့ အနှစ် ၃၀ ခန့်လောက်ကတည်းက မြန်မာနိုင်ငံရဲ့ မည်သည့်နေရာတွင်မဆို ပစ္စည်းဝယ်ယူ ရာတွင် ပစ္စည်းအမျိုးအစားအလိုက် အသားစိမ်း၊ ငါးစိမ်း၊ အသီး၊ အရွက်များဆိုလျှင် အင်ဖက်၊ ဗာဒံရွက်၊ ဖက်များ ဖြင့်လည်းကောင်း၊ စားသောက်စရာများကို ဗူး၊ ချိုင့် စသည်တို့ဖြင့်လည်းကောင်း၊ အခြား အသုံးအဆောင် ပစ္စည်း များကို စက္ကူအိတ်၊ သတင်းစာစက္ကူ၊ ပလပ်စတစ်အိတ်ပျော့များနှင့်လည်းကောင်း ထုပ်ပိုးခဲ့ကြပါသည်။

နောက်ပိုင်း တွင်  နည်းပညာများ တိုးတက်လာတာနဲ့အမျှ အရင်ကသုံးစွဲခဲ့သည့် ထုပ်ပိုးပစ္စည်းများ၊ အိတ်များထက် ပိုမိုခိုင်ခန့်ပြီး တာရှည်ခံတဲ့ ရောင်စုံကြွပ်ကြွပ်အိတ်များကို သုံးစွဲလာခဲ့ကြပါသည်။

ကြွပ်ကြွပ်အိတ်သည် သယ်ယူရလွယ်ကူခြင်း၊ ထုပ်ပိုးရာတွင်ပေါ့ပါးခိုင်ခံ့ခြင်း၊ ဈေးနှုန်းသက်သာခြင်းနှင့် စွန့်ပစ်ရန်လွယ်ကူခြင်းတို့ကြောင့် တစ်ကမ္ဘာလုံး၌ တွင်တွင်ကျယ်ကျယ် သုံးစွဲလျက်ရှိသည်။

 ကြွပ်ကြွပ်အိတ် ထုတ်လုပ်ရာတွင် အသုံးပြုနေတဲ့ကော်စေ့ဟာ သဘာ၀သယံဇာတဖြစ်သည့် ရေနံစိမ်းမှ ထုတ်ယူခြင်းဖြစ်တဲ့အတွက် ကြွပ်ကြွပ်အိတ်များအား စည်းကမ်းမဲ့စွာ မဆင်မခြင်ထုတ်လုပ် သုံးစွဲစွန့်ပစ်ခြင်းဟာ သဘာ၀သယံဇာတဖြစ်တဲ့ ရေနံစိမ်းများအား ဖြုန်းတီးနေခြင်းပဲဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မှ သိရသည်။

ကြွပ်ကြွပ်အိတ်ဟာ ကမ္ဘာ့ရေထုကိုသာမက လေထုနှင့်မြေထုကိုလည်း ဆိုးရွားစွာညစ်ညမ်းစေနိုင်ပါတယ်။ ကြွပ်ကြွပ်အိတ်များကို မြေနိမ့်ပိုင်းဖြစ်တဲ့ တွင်းများ၊ ချိုင့်များအတွင်းသို့ ဖို့မြေအဖြစ်စုပုံခြင်း၊ မီးရှို့စက်ဖြင့် မီးရှို့ခြင်း စသည်ဖြင့်စွန့်ပစ်လျက်ရကြောင်း၊ ကြွပ်ကြွပ်အိတ်များဟာ မြေကြီးထဲမှာ နှစ်ပေါင်း ၅၀၀ မှ ၁၀၀၀ ခန့် ကြာမှသာ ပျက်စီးနိုင်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ မြေကြီးထဲသို့ ရောက်ရှိသွားသော ကြွပ်ကြွပ်အိတ်များကြောင့် မြေဆီလွှာအတွင်းရှိ အပင်မျိုးစေ့၊ သစ်စေ့များမှာအညှောက် မထွက်နိုင်တော့ဘဲ သေကျေပျက်စီးကြရကြောင်း သိရသည်။

“ကြွပ်ကြွပ်အိတ်များကို မီးရှို့ဖျက်ဆီးပါကလည်း အီသိုင်းလင်းအောက်ဆိုဒ် နှင့် ဒိုင်အောက်စင်များ ထွက်ရှိသဖြင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေတဲ့အပြင် ယင်းအငွေ့များကို ရှူရှိုက်မိတဲ့ လူတို့ရဲ့ သွေးနဲ့ဆီးများထဲသို့ရောက်ရှိကာ ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ကြောင်း၊ ထို့အပြင် ကြွပ်ကြွပ်အိတ်မှာ ခဲဓာတ်နှင့် အဆိပ်ဓာတ်များပါရှိတဲ့ ဓာတုဗေဒပစ္စည်းများနဲ့ အရောင်ဆိုးဆေးများကြောင့် ပူလောင်တဲ့စားစရာများကို ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး ထုပ်ပိုးသယ်ဆောင်ပါက အဆိပ်ဓာတ်များနှင့် ဒိုင်အောက်စင်များဟာ စားစရာများ ထဲကိုရောက်ရှိသွားပြီး ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း’’ ဟု သဘာဝပတ်ဝန်းကျင်ပညာရှင်က ပြောသည်။ 

 

သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကြွပ်ကြွပ်အိတ်အသုံးပြုမှုနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက် သင့်တဲ့ နည်းလမ်း (၅)သွယ်မှာ 

(က) ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို အသုံးပြုရန်မလိုအပ်ပါက သုံးစွဲရန် ငြင်းပယ်ခြင်း (Reject)၊

(ခ) ကြွပ်ကြွပ်အိတ်များအစား ချည်ဖြင့်ပြုလုပ်ထားသည့် ဈေးဝယ်အိတ်များ၊ စက္ကူအိတ်များ၊ အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်စသည်တို့ကို သုံးစွဲခြင်းဖြင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုကို လျှော့ချခြင်း (Reduce)၊

(ဂ) ကြွပ်ကြွပ်အိတ်အဟောင်းများအားအမှိုက်အဖြစ်စွန့်ပစ်ခြင်းမပြုဘဲပြန်လည်အသုံးပြုခြင်း (Reuse)၊

(ဃ) ကုန်ကြမ်းအဖြစ်သုံးပြီး အသစ်ပြန်လည်ထုတ်လုပ်ခြင်း (Recycle)၊

(င) သုံးပြီးအိတ်ခွံများအားစုထားပြီးပြန်လည်အသုံးပြုနိုင်သောနေရာသို့ပြန်လည်ပေးပို့ခြင်း (Return) ဟူ၍ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.