Connect with us

Social

ရန်ကုန် တိုင်းဒေသကြီးအတွင်း နှစ်လအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၂၃၄ မှုနှင့် ပြစ်မှု ကျူးလွန်သူ ၃၄၇ ဦး အရေးယူ ဆောင်ရွက်နိုင်ဟု ရဲမှူးချုပ်ဆို

(၂၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-Yangon Police)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန် တိုင်းဒေသကြီးအတွင်း ဒဂုံစီမံချက် စတင် ဆောင်ရွက်ခဲ့သော မေလ ၁ ရက်မှ ယနေ့ထိ နှစ်လအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၂၃၄ မှု ဖမ်းဆီး အရေးယူနိုင်ပြီး ပြစ်မှုကျူးလွန်သူ ၃၄၇ ဦးကို ဥပဒေနှင့်အညီ အရေးယူနိုင်ခဲ့ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က ပြောကြားသည်။

(၂၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို အရှိန်မြှင့် ဖမ်းဆီးခဲ့ရာ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း အမှုပေါင်း ၇၁၈ မှုကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က ဆိုသည်။
၂၀၁၅ ခုနှစ် အလွန် မူးယစ်ဆေးဝါး လျှော့ချရေး လုပ်ငန်းစဉ်များနှင့် အညီ စတုတ္ထ (၅) နှစ် စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုနှစ်မှ ၂၀၁၈-၂၀၁၉ ခုနှစ် အထိ ထပ်မံ တိုးမြှင့်ပြီး ထုတ်လုပ်မှု ပပျောက်ရေးနှင့် သုံးစွဲမှု ပပျောက်ရေး တို့ကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောသည်။
အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွင် ရန်ကုန် တိုင်းဒေသကြီးအတွင်း အရေအတွက် အများဆုံးအဖြစ် မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း အိုးအိမ်လမ်း WY စိတ်ကြွဆေးပြား ၂၆.၇ သန်းကျော် ဖမ်းဆီးရမိပြီး ယင်းအမှုနှင့် ကွင်းဆက် အဖြစ် ဒဂုံအရှေ့မြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် စိတ်ကြွဆေးပြား ၃၄.၆ သန်းကျော် ဖမ်းဆီး ရမိခဲ့သည်။
မရမ်းကုန်းမြို့နယ် မုဒိတာ အိမ်ယာတွင်လည်း မူးယစ်ဆေးဝါး သန်းနှင့်ချီ ထပ်မံ ဖမ်းဆီးရမိထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.