Connect with us

Social

လယ်ယာလုပ်ငန်းခွင်များအတွက် လယ်ယာသုံး စက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်မည့် အစီအစဉ် ဝန်ကြီးဌာန ကြေညာ

လယ်ယာ လုပ်ငန်းခွင် တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ)

လယ်ယာလုပ်ငန်းခွင်များအတွက် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်မည့် အစီအစဉ်များ အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။

တောင်သူများ အနေဖြင့် စက်ကိရိယာ ဝယ်ယူရန် ဆန္ဒရှိသော်လည်း စက်တန်ဖိုး ကြီးမြင့်မှုကြောင့် ဝယ်ယူရန် အခက်အခဲများလည်း ဖြစ်ပေါ်ခြင်းတို့ကို ဖြေရှင်းရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန အနေဖြင့် လယ်ယာကဏ္ဍအတွက် ပုဂ္ဂလိကဝန်ဆောင်မှုလုပ်ငန်းများ တိုးတက် ဖြစ်ပေါ်ရေးနှင့် စက်ကိရိယာများ တိုးမြှင့် သုံးစွဲနိုင်ရေး တို့အတွက် ရည်ရွယ်ကာ စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တောင်သူလယ်သမားများ ကြိုက်နှစ်သက် သည့် ထွန်စက်ကြီးများနှင့် ရိတ်သိမ်း ခြွေလှေ့စက် များကို အဓိကထား ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ စက်ဝယ်ယူမည့်ဝန်ဆောင်မှုလုပ်ကိုင်လိုသူများအတွက် လက်ရှိပြင်ပမှ လက်ငင်း ငွေပေးချေ ဝယ်ယူ သုံးစွဲနေသော ဈေးနှုန်းများထက်စက်တန်ဖိုးသက်သာ စေရေးကို ပုဂ္ဂလိကကဏ္ဍနှင့် ပေါင်းစပ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေပေးချေရမည့် အစီအစဉ်မှာ စက်တန်ဖိုး၏ ၁ဝ ရာခိုင်နှုန်းကိုသာ ကနဦးပေးသွင်း၍ စက်ကို ရယူခြင်း ၊ ကျန် ၉ဝ ရာခိုင်နှုန်းကို မိမိလုပ်ငန်းခွင်တွင် အသုံးပြုခြင်း၊ အငှား ဝန်ဆောင်မှု လုပ်ကိုင်ခြင်း တို့ဖြင့် ငွေကြေး စုဆောင်းကာ ခြောက်လ တစ်ကြိမ် ၁၅ ရာခိုင်နှုန်းစီ ပေးသွင်းပြီး ခြောက်ရစ်ခွဲ၍ သုံးနှစ်

အတွင်း ပေးချေခြင်းဖြင့် ဆောင်ရွက်ရန် ဖြစ်ကြောင်း သိရသည်။

စက်တန်ဖိုးလျော့နည်း စေရေး၊ အရည်အသွေးအာမခံမှုရှိစေရေး၊ ပြုပြင်ထိန်းသိမ်းနိုင်ရေး၊ စက်အရန် ပစ္စည်းများ အလွယ်တကူရရှိရေး ၊ စက်ကို မောင်းနှင်ကိုင်တွယ်ထိန်းသိမ်းတတ် စေရေးတို့ကို ကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံမည့်အဖွဲ့အစည်းများ၊ သမဝါယမအသင်းများ၊ ပုဂ္ဂလိက လုပ်ကိုင်လိုသူများ နှင့် စက်တင်သွင်းရောင်းချသူများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ဝယ်ယူလိုသူများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်အသေး စိတ်ကို သက်ဆိုင်ရာမြို့နယ်များရှိ စက်မှု လယ်ယာဦးစီးဌာနရုံးများတွင် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာလုပ်သား ရှားပါးမှုနှင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်နှင့်အညီ အချိန်မီ လုပ်ငန်းများပြီးစီးစေရန် စက်မှု လယ်ယာစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.