Connect with us

Social

ဝေဟင် ခရီး ဘေးကင်းစေရေး မြန်မာ့ လေယာဉ်မှူးကြီး မည်သို့ အကြံပြု စကား ဆိုခဲ့သနည်း

လေယာဉ်မှူးကြီး ကပ္ပတိန် မြတ်မိုးအောင်က ဆင်ဟွာသို့ ဖြေကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ပြည်တွင်း/ပြည်ပ ခရီးသည်များ အများဆုံး သွားလာ အသုံးပြုနေကြသည့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် တို့တွင် ယခုလပိုင်း အတွင်း လေယာဉ် အရေးပေါ် မတော်တဆ ဖြစ်စဉ်များ ဖြစ်ပေါ် ကြုံတွေ့ခဲ့ရသည်။

ယခု လပိုင်း ဖြစ်ပွားခဲ့သော လေယာဉ် မတော်တဆ ဖြစ်စဉ် နှစ်ခုတွင် ပြည်တွင်း/ပြည်ပ ခရီးသည် တစ်ဦးတစ်ယောက်မှ အသေအပျောက် မရှိကြသော်လည်း လေယာဉ် စီးနင်း သွားလာသူ ခရီးသည်များ အတွက် သတိပြု စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြသည်။

အဆိုပါ အခြေအနေများ အပေါ် လေယာဉ် အရေးပေါ် ဆင်းသက်မှု ဖြစ်စဉ် တစ်ခုတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သူ လေယာဉ်မှူးကြီး ကပ္ပတိန် မြတ်မိုးအောင်က လေယာဉ်စီး ခရီးသည်များ အနေဖြင့် ယုံကြည်စိတ်ချစွာဖြင့် စီးနင်းကြရန် နှင့် အရေးပေါ် အခြေအနေဖြင့် ကြုံတွေ့လာရပါက ခရီးသည်များ သိသင့်သော အချက်များအား ဆင်ဟွာ သတင်း ဌာနမှ တစ်ဆင့် ပြောကြားခဲ့သည်။

“လေယာဉ် စပြီး တက်ကတည်းက ခရီးသည်တွေဟာ safety Card ကို ဖတ်သင့်တယ်။ ရှင်းပြတာက တစ်ပိုင်းပါ။ ပြီးရင် အနီးစပ် ဆုံး အရေးပေါ် ထွက်ပေါက်က ဘယ်မှာလဲ ဆိုတာ သိရမယ်။တကယ်တမ်း အရေးပေါ် အခြေအနေ မှာဆိုရင် ငါ ဘယ်လို ဆင်းမလဲ။ဒါမျိုးလေးတွေ ကျွန်တော်တို့သိထားသင့်ပါတယ်။ အရေးပေါ် အခြေအနေနဲ့ကြုံလာရင် cabin crew ရဲ့ညွှန်ကြားချက် အတိုင်း လိုက်ပါ ဆောင်ရွက်သင့်ပါတယ်။ အဲဒီလို လိုက်ပါ ဆောင်ရွက်တာ အကောင်းဆုံးပါပဲ။”ဟု လေယာဉ်မှူးကြီး ကပ္ပတိန် မြတ်မိုးအောင်က အကြံပြု ပြောကြားခဲ့သည်။

လေယာဉ်မှူးကြီး ကပ္ပတိန် မြတ်မိုးအောင်သည် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ မေ ၁၂ ရက်က ဖြစ်ပွားခဲ့သော လေယာဉ် အရေးပေါ် ဆင်းသက်မှု ဖြစ်စဉ်တွင် လေယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသူ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဘဲ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သူ ဖြစ်သည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ လေယာဉ်မှူးကြီး ကပ္ပတိန် မြတ်မိုးအောင်ကို တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ လေယာဉ် အရေးပေါ် ဆင်းသက်မှု ဖြစ်စဉ်တွင် မြန်မာ အမျိုးသား လေကြောင်းမှ Embraer-190,XY-AGQ လေယာဉ်ဖြင့် ရန်ကုန်မှ မန္တလေး သို့ပျံသန်းလာခဲ့ရာ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ဆင်းသက်ရန် လေယာဉ် ဘီးချရာတွင် Nose Landing Gear မကျသဖြင့် အရေးပေါ် ဆင်းသက်ခဲ့ရသည်။

ထိုသို့အရေးပေါ် အခြေအနေဖြင့် ကြုံတွေ့ခဲ့ရသည်နှင့် လေယာဉ်မှူးကြီး ကပ္ပတိန် မြတ်မိုးအောင်က လေယာဉ်ပေါ်တွင် လိုက်ပါ လာသော ခရီးသည်များကို အခြေအနေအား အသေးစိတ် ရှင်းလင်း ပြောကြားမှုများ ပြုလုပ်ခဲ့ပြီးနောက် စိတ်အေး အေး ထားကြရန် နှင့် cabin crew ၏ ညွှန်ကြားချက်များ အတိုင်း လိုက်နာ ဆောင်ရွက် နိုင်ကြရန် ရှင်းလင်း ပြောကြား မှုများ ပြုလုပ်ခဲ့သည်ဟု ဖြစ်စဉ် အပေါ် ဆင်ဟွာသို့ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်။

“ကျွန်တော် သေချာအောင် အစီအစဉ်တွေကို ပြန်စစ်တယ်။ နောက်ပြီးတော့ နောက်ထပ် တစ်ကြိမ် confirm ဖြစ်အောင် လုပ်ပါတယ်။ ပေ ၁၀၀၀ အမြင့်နဲ့ပဲ flight pass လုပ်ပါတယ်။အဲဒီအခါမှာလဲ ပထမ ရလဒ် အတိုင်းပါပဲ။အဲဒီတော့ ကျွန်တော်တို့မှာ ရှိတဲ့ ပုံမှန် အစီအစဉ်လဲ ပြီးသွားပြီ။ အရေးပေါ် အစီအစဉ်လဲ ပြီးသွားပြီ။ အဲတော့ ဆင်းရတော့မယ့် အခြေအနေမှာ ရှိတယ်။ အဲဒီတော့ လောလောဆယ် ရန်ကုန်ကနေ မန္တလေးကို ဆီ ပါလာတာက အလေးချိန် ပေါင် ၁၂၀၀၀ ပါပါတယ်။ ဆင်းသက်မည့် အချိန်တွင် စစ်ဆေးသည့် အခါ လေယာဉ်ဆီမှာ ပေါင် ၅၈၀၀ ကျော် ၆၀၀၀ လောက် ကျန်ပါတယ်။ ဒီလက်ကျန် လေယာဉ်ဆီကို ကုန်သွားအောင် တစ်နာရီလောက် ပတ်ပျံပြီး ဖြုန်းပစ်လိုက်ပါတယ်။ ဘာလို့လဲ ဆိုတော့ လေယာဉ်မြေပြင်နဲ့ထိသွားတဲ့ အခါမှာ landing impact နည်းအောင် လေယာဉ်ဆီကို အခုလို ဖြုန်းပစ်လိုက်တာပါ။”ဟု ပြောကြားခဲ့သည်။

လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရာတွင် Main landing gear နှစ်ခုသည် ကျရောက်ခဲ့သဖြင့် လေယာဉ်ပြေးလမ်း ကြမ်းပြင်ဖြင့် ပွတ်တိုက် ဆင်းသက်ခဲ့ရပြီး လေယာဉ်ဘီးများအားလုံး ကျရောက်ခြင်း မရှိပါက နီးစပ်ရာ ရေပြင် (သို့မဟုတ်) မြစ်အတွင်းသို့ ဆင်းသက်ရန်မှာလည်း စဉ်းစားရမည့် အချက်ထဲတွင် ပါဝင်ကြောင်း ဥပမာ အနေဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။

ကပ္ပတိန် မြတ်မိုးအောင်က လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအား “သူတို့ဒီလို လိုက်ပါ ဆောင်ရွက်တဲ့ အတွက်ကြောင့် ကျွန်တော် အရမ်း ဝမ်းသာတယ်။ ပူးပေါင်း ဆောင်ရွက်တဲ့ အတွက် ကြောင့် ခရီးသည် တစ်ယောက်စီကို ကျေးဇူး တင်တယ်။”ဟု ပြောကြားခဲ့သည်။

ထိုသို့လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရာတွင် လေယာဉ် မြေပြင်သို့ ရောက်ရှိချိန်တွင် လေယာဉ် ကိုယ်ထည် နှင့် ပြေးလမ်း ကြမ်းပြင် ပွတ်တိုက်မှုများမှ တဆင့် မီးခိုးငွေ့များက လေယာဉ်မှူး၏ အခန်း အတွင်းသို့ ဝင်ရောက် လာခဲ့မှု များကြောင့် လေယာဉ်မှူးကြီး ကပ္ပတိန် မြတ်မိုးအောင် အနေဖြင့် အသက်ရှုရ ခက်ခဲသည့် အခြေအနေမျိုးဖြင့် ကြုံတွေ့ ခဲ့ရ သော်လည်း ၎င်းအနေဖြင့် လေယာဉ် ဆင်းသက်မှု လုပ်ငန်းစဉ်များ ပြီးစီးပြီးနောက်မှသာ လေယာဉ်ပေါ်မှ ဆင်းသက် ခဲ့ကြောင်း ၎င်းတွေ့ကြုံခဲ့ရသည့် အခြေအနေကိုလည်း ပြန်လည် ပြောကြားခဲ့သည်။

ကပ္ပတိန် မြတ်မိုးအောင် “အခုက ကျွန်တေ်ာ ပြန်ကြည့်လိုက်တဲ့ အချိန်မှာ သင်တန်း training သဘောတောင် ဖြစ်နေတယ်။ ဒါတောင် တကယ့် တကယ်မှာ မီးခိုးတွေ ဝင်လာတယ်။ ကျွန်တော်တို့လေယာဉ်မှူး အခန်း(cockpit) ထဲမှာဆို အများကြီးပဲ။ ပွတ်တိုက်မှု ကြောင့် ဖြစ်လာတဲ့ အတွက် ကျွန်တော်တို့ဆိုရင် တော်တော် အသက်ရှု ကြပ်တယ်။ ကျွန်တော်တို့မှာ လုပ်ရမဲ့ အစီအစဉ်တွေ ရှိသေးတယ်။ အဲဒီ အချိန်မှာ ကျွန်တော် ဘေးတံခါး ဖွင့်လိုက်တဲ့ အတွက် တော်တော်လေး အဆင်ပြေပါတယ်။”ဟု ပြောကြားခဲ့သည်။

လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရမှု ဖြစ်စဉ်တွင် တည်ငြိမ်စွာဖြင့် အောင်မြင်စွာ ဆင်းသက်လာနိုင်ခြင်းမှာ ဆရာများ၏ သင်ကြားမှု နှင့် အတွေ့အကြုံများအား ပေါင်းစပ်ကာ အခြေအနေကို ရင်ဆိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ကပ္ပတိန်က ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ အမျိုးသား လေကြောင်းမှ လေယာဉ်မှူးကြီး ကပ္ပတိန် မြတ်မိုးအောင်သည် လေ့ကျင့်မှု အနေဖြင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ Zhuhai မြို့၌ ၆ လတွင် တစ်ခေါက် သွားရောက် လေ့ကျင့်မှုများ ရှိကြောင်း သိရသည်။

ယခု ဖြစ်ပွားခဲ့သည့် လေယာဉ် အရေးပေါ် ဖြစ်စဉ်တွင် လေယာဉ် ဆင်းသက်ရာတွင် Nose Landing Gear မကျမှုမှာ mechanisms error ကြောင့်ဟု ထင်မြင်ကြောင်း လေယာဉ်မှူးကြီး ကပ္ပတိန် မြတ်မိုးအောင်က သုံးသပ်ခဲ့သည်။

“အခု လေယာဉ်ရွှေ့ဖို့လုပ်တယ်။ ကရိန်းနဲ့မပြီး လေယာဉ် ရွှေ့ဖို့လုပ်တဲ့ အခါမှာ Leading Gear က အထဲထဲမှာ ကန့်လန့် ဖြစ်နေတယ် ။ ဒေါင်လိုက် မဟုတ်ဘဲနဲ့ကန့်လန့်ဖြစ်နေတယ် ။ အဲတော့ ဘယ်လိုမှ မကျနိုင်ဘူး ။ အင်ဂျင်နီယာတွေ ဆိုရင် ခက်ခက်ခဲခဲ ပြန်ချခဲ့ရတယ် ။”ဟု ပြောကြားခဲ့သည်။

အသက်အားဖြင့် ၄၅ နှစ် အရွယ် ရှိသော လေယာဉ်မှူးကြီး ကပ္ပတိန် မြတ်မိုးအောင်သည် ငယ်စဉ်က အင်ဂျင်နီယာ တစ်ဦး ဖြစ်ချင်ခဲ့သော စိတ်ကူး ရှိခဲ့သူ တစ်ဦး ဖြစ်သော်လည်း ယခု လက်ရှိတွင် လေယာဉ်မောင်းနှင်နေရသည်ကို ဂုဏ်ယူ နေခဲ့သည်။

“လက်ရှိမှာလဲ ဒီ life ကို အရမ်း သဘောကျတယ်။ လေယာဉ်မောင်းနေတဲ့ အရသာကို အရမ်း ဂုဏ်ယူတယ်။ လေယာဉ်မောင်းချင်တယ်။ တစ်ချို့ဆို ပြောတယ်။ကျွန်တော် ဒီလောက် accident ဖြစ်တာ မကြောက် ဘူးလားပေါ့။ အဲတော့ ကျွန်တော် အနေနဲ့ကတော့ လေယာဉ်ကို မပျံရမှာကိုပဲ ကျွန်တော် ကြောက်တာပါ။ လေယာဉ် ပျံရမှာကို ကျွန်တော် မကြောက်ပါဘူး။”ဟု ကပ္ပတိန် မြတ်မိုးအောင်က ပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်တွင် ခရီးသည် ၈၂ ဦး တင်ဆောင်၍ လေယာဉ်မှူးကြီး ကပ္ပတိန် မြတ်မိုးအောင် အပါအဝင် လေယာဉ် ဝန်ထမ်း ၇ ဦးတို့ လိုက်ပါ မောင်းနှင် ပျံသန်းခဲ့ရာ အရေးပေါ် ဖြစ်စဉ်တွင် ဘေးအန္တရာယ် တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆင်းသက် လာနိုင်ခဲ့ကြသဖြင့် ပြည်တွင်း/ပြည်ပမှ ချီးကျူးဂုဏ်ပြုမှုများကိုလည်း ခံခဲ့ရသည်။

ထိုသို့အောင်မြင်စွာ ဆင်းသက်လာနိုင်ခဲ့မှုအား ပြည်တွင်း/ပြည်ပက ချီးကျူး ဂုဏ်ပြုမှုများ အပေါ် “ဒါကတော့ ကျွန်တော် ရဲ့မှတ်တိုင်ပေါ့။ ဒီလောက် လုပ်နိုင်တယ်ပေါ့။ သူတို့ချီးကျူးတဲ့ အတွက်ကြောင့် ကျွန်တော် ဝမ်းသာတယ်။ ဒီထက် ကျွန်တော် ထပ်ပြီး ကြိုးစား သွားမှာပါ။”ဟု ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.