Connect with us

Social

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများတွင် အလုပ်လက်မဲ့ဦးရေ ၅၆၀,၀၀၀ ဝန်းကျင်ခန့်ရှိခဲ့ကြောင်းဆို

အင်းလေးကန်တွင် လည်ပတ်လျက်ရှိသည့် ခရီးသွားဧည့်သည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ခရီးသွားလုပ်ငန်းများ ရပ်နားထားခဲ့သဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများတွင် အလုပ်လက်မဲ့ဦးရေ ၅၆၀,၀၀၀ ဝန်းကျင်ခန့်ရှိခဲ့ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် က ဆင်ဟွာသို့ ဇန်နဝါရီ ၂၉ ရက်တွင်ပြောသည်။

“ခရီးသွားလုပ်ငန်း တစ်ခုလုံးမှာဆိုရင် စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းတွေလည်း ပါတယ်။ အဲဒီကဏ္ဍတွေမှာ ဝန်ထမ်းတွေလျှော့ခဲ့ရတယ်။ ခရီးသွားလုပ်ငန်းသီးသန့်မှာလည်း ပြည်တွင်း၊ ပြည်ပ ၊ လက်မှတ်အရောင်း တွေက လုံးလုံးနီးပါးရပ်သွားတယ်။ ခရီးသွားလာမှုတွေလည်း လုံးဝရပ်နားခဲ့ရတော့ စုစုပေါင်းပေါင်းလိုက်ရင် ကျွန်တော်တို့ခရီးသွားကဏ္ဍ တစ်ခုလုံးအတွက် ၇၀ရာခိုင်နှုန်းဝန်းကျင်လောက် ဝန်ထမ်းလျှော့ခဲ့ရတယ်’’ ဟု ဦးနောင်းနောင်းဟန်ကပြောသည်။

ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ခရီးသွားကုမ္ပဏီများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ အငှားယာဉ်မောင်းများနှင့်ပိုင်ရှင်များ၊ ပြည်တွင်းခရီးသွားများကို အမှီပြုလုပ်ကိုင်နေသည့် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းအားလုံးမှ အလုပ်သမား ဝန်ထမ်းများအပါအဝင် ပေါင်းလိုက်ပါက ၈ သိန်းကျော်ရှိပြီး ယင်းတို့ ထဲမှ ၅၆၀,၀၀၀ ဝန်းကျင် အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း၊ အဆိုပါစာရင်းကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများက တွက်ချက်ထားခြင်းဖြစ်ကြောင်းဆိုသည်။

လက်ရှိတွင် COVID-19 ကာကွယ်ဆေးများအား မြန်မာနိုင်ငံတွင် စတင်ထိုးနှံပေးနေပြီဖြစ်သောကြောင့် ၂၀၂၁ ခုနှစ်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာပါက ဝန်ထမ်းများလည်း ပြန်လည်ခန့်ထားနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ (Xinhua)