Connect with us

Social

၁၆ ကြိမ်မြောက် Druk International Film Festival(DIFF) ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နို့ဘီလူးရုပ်ရှင်ဇာတ်ကားမှ ဆုလေးဆုရရှိ

Druk International Film Festival(DIFF) ရုပ်ရှင်ပွဲတော်တွင် ဆုများရရှိခဲ့သော နို့ဘီလူးဇာတ်ကားကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ--အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေး)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ဘူတန်နိုင်ငံ၌ ကျင်းပခဲ့သော ကမ္ဘာ့နိုင်ငံများမှ ယှဉ်ပြိုင်ခဲ့သည့် ၁၆ ကြိမ်မြောက် Druk International Film Festival(DIFF) ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ  ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နို့ဘီလူးရုပ်ရှင်ဇာတ်ကားမှ ဆုလေးဆုရရှိခဲ့ကြောင်း နို့ဘီလူးရုပ်ရှင်အားထုတ်လုပ်ခဲ့သော အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သူ ဒေါက်တာကျော်ကျော်ဦးက ဆင်ဟွာသို့ နိုဝင်ဘာ ၆ ရက်တွင်ပြောသည်။

“ဒီဇာတ်ကားကို နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဝင်ပြိုင်ဖြစ်ခဲ့တာက အရုပ်ပိုင်း၊ပြင်ဆင်မှုအားရော ကြိုးကြိုးစားစားလုပ်ထားလို့ နိုင်ငံတကာကိုခြေဆန့်နိုင်လိမ့်မယ်လို့ ယူဆလို့ ဒီပြိုင်ပွဲမှာ ဝင်ယှဉ်ပြိုင်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ထုတ်လုပ်ရေးအနေနဲ့ နိုင်ငံတကာပြိုင်ပွဲကို ပထမဆုံးစပြိုင်တဲ့ပွဲဖြစ်တယ်။ အဲဒီပွဲမှာဆုကြီးလေးဆုကို ရရှိခဲ့လို့ တကယ့်ကိုပျော်ပါတယ်။ ကိုယ်ယှဉ်ပြိုင်ခဲ့ရတဲ့ နိုင်ငံတွေကလည်း နိုင်ငံကြီးတွေဆိုတော့ ပိုပြီးဂုဏ်ယူမိပါတယ်’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

DIFF နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် “နို့ဘီလူး” ရုပ်ရှင်က အကောင်းဆုံးရုပ်ရှင်ဆု ရရှိခဲ့ပြီး အကောင်းဆုံးဒါရိုက်တာဆု အနေဖြင့် လူမင်း၊ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအနေဖြင့်လူမင်း နှင့်  အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ကိုရွှေမှုံရတီ တို့ မှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဇာတ်ကားရဲ့ ဇာတ်လေးကို ရတဲ့အချိန် ကျွန်တော်တို့ထုတ်လုပ်ရေးအနေနဲ့ အရမ်းသဘောကျတယ်။ ဒီဇာတ်လေးက မြန်မာလည်းဆန်တယ်။ မြန်မာ့ယဉ်ကျေးမှုကိုလည်းပြနိုင်တယ်။ပြီးတော့ မြန်မာနိုင်ငံရဲ့ ကျေးရွာတစ်ချို့မှာ ရှိနေသေးတဲ့ရိုးရာအယူအဆစွဲ နို့ဘီလူးအစွဲရှိရင် ကိုယ့်သားသမီးကို နို့မတိုက်ရဘူး ဆိုတဲ့ ရိုးရာအယူအဆကို အခြေခံပြီး ဒီဇာတ်လေးကို ရိုက်ကူးဖြစ်တာပါ။’’ ဟု ဒေါက်တာကျော်ကျော်ဦးကဆက်ပြောသည်။
DIFF ပွဲတော်၌ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ် ၊စပိန် စသည့် နိုင်ငံပေါင်း ၂၀ ကျော်မှ ရုပ်ရှင်ကားများ ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ကြောင်း၊ အကောင်းဆုံးရုပ်ရှင်ဖန်တီးမှုများအားရွေးချယ်၍ တစ်နှစ်တစ်ကြိမ် ပေးအပ်ချီးမြှင့်သည့် ရုပ်ရှင်ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.