Connect with us

Sport

ကမ္ဘာ့ပိုလီယိုနေ့ အထိမ်းအမှတ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲ ရန်ကုန်မြို့၌ ကျင်းပ

ကမ္ဘာ့ ပိုလီယိုနေ့ အထိမ်းအမှတ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲ အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဓာတ်ပုံ- Yangon Region Government)

ရန်ကုန် ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ)

ကမ္ဘာ့ပိုလီယိုနေ့ အထိမ်းအမှတ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ရန်ကုန်မြို့၊ ကန်တော်ကြီးဥယျာဉ်၌ ယနေ့ နံနက် ၆ နာရီတွင် ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မြလေးစိန်က ယနေ့ပြုလုပ်သည့် စက်ဘီး စီးနင်းပွဲသည် ၆ ကြိမ်မြောက် ကမ္ဘာ့ပိုလီယိုနေ့ အထိမ်းအမှတ်ပြုလုပ်သည့် စက်ဘီး စီးနင်းပွဲ ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ၌ ၂၀၀၇ ခုနှစ်တွင် ပိုလီယို အရိုင်း ဆိုသည့် ပိုးကို တွေ့ခဲ့ကြောင်း ၊ ပိုလီယို ကာကွယ်ဆေး လွှမ်းခြုံမှု နည်းပါးသည့် နေရာများတွင် ၂၀၁၅ ခုနှစ်မှာ ပိုလီယိုအသွင်ပြောင်း ရောဂါကြောင့် အကြောသေသည့် ရောဂါများ ဖြစ်ခဲ့ကြောင်း ၊ လက်ရှိတွင် ပိုလီယို ကာကွယ်ဆေး လွှမ်းခြုံမှုသည် မြန်မာနိုင်ငံ၌ မြင့်တက် နေခြင်းကြောင့် ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် ပိုလီယိုကာကွယ်ဆေးတိုက်သည့် လုပ်ငန်းများသည် တစ်နိုင်ငံလုံး လွှမ်းခြုံမှု၏ ၈၉ ရာခိုင်နှုန်း တက်လာခဲ့ကြောင်း ၊ ထိုကြောင့် ကူးစက်မှုကို ဖြတ်တောက်ပြီး ပိုလီယို ရောဂါ ကင်းစင်သည့် အခြေအနေကို ထိန်းသိမ်း နေရကြောင်း ၊ ထိုထိန်းသိမ်းမှုကို ဆက်လက် အကောင် အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ပိုလီယိုနေ့ အထိမ်းအမှတ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲအား တွေ့ရစဉ်(ဓာတ်ပုံ- Yangon Region Government)

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မြလေးစိန် ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း အပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း ပြည်သူ့ ကျန်းမာရေး အဖွဲ့မှ တာဝန်ရှိသူများ ၊ သံရုံးမှ တာဝန်ခံများ ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၊ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့၊ မြန်မာနိုင်ငံ နေရှင်နယ် ပိုလီယို ကလပ်မှ တာဝန်ရှိသူများ ၊ စက်ဘီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် စက်ဘီးစီးနင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)