Connect with us

Sport

ဘိုလီးဗီးယားအသင်း မြန်မာကို အနိုင်ရရှိ


ရန်ကုန် ၊ အောက်တိုဘာ ၁၃(ဆင်ဟွာ)

ရန်ကုန်မြို့၊သုဝဏ္ဏအားကစားကွင်း တွင် ယနေ့ညနေ ၆ နာရီတွင်ကျင်းပခဲ့သောမြန်မာ့လက်ရွေးစင်အသင်းနှင့်တောင်အမေရိကအသင်းတစ်သင်းဖြစ်သော ဘိုလီးဗီးယားလက်ရွေးစင်အသင်းတို့၏ ချစ်ကြည်ရေးခြေစမ်းပွဲတွင် ဘိုလီးဗီယား လက်ရွေးစင်အသင်းက သုံးဂိုး-ဂိုးမရှိဖြင့်အနိုင်ယူသွားခဲ့သည်။

မြန်မာလက်ရွေးစင်အသင်းတွင် အဓိကတိုက်စစ်မှူးဖြစ်သောအောင်သူ ပါဝင်ကစားနိုင်ခြင်းမရှိ၍ တိုက်စစ်အနည်းငယ်အားလျော့နေရကာ၊တစ်ဖက်အသင်းကိုထိုးဖောက်ခြိမ်းခြောက်မှုများပြုနိုင်ခဲ့သော်လည်းအဆုံးသတ်အားနည်းမှုများကြောင့်ပထမပိုင်းတွင်ဂိုးရခွင့်များဆုံးရှုံးခဲ့ရကြောင်း သိရသည်။ဘိုလီးဗီးယား အသင်းကပထမပိုင်း ၅ မိနစ်နှင့် ၂၅ မိနစ်တို့တွင်ရရှိခဲ့သောဂိုးနှစ်ဂိုးကိုလည်း၎င်းအသင်း၏အဓိကအားသာချက်ဖြစ်သောအရပ်အမောင်းမြင့်မားမှှုကို အသုံးချကာ အဝေးကန်အမြင့်ဘောများမှတဆင့် ခေါင်းတိုက်သွင်းယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဘိုလီးဗီးယားလက်ရွေးစင်အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဒုတိယပိုင်းတွင်မူ မြန်မာအသင်းကပိုမိုအချိတ်အဆက်မိလာကာဘိုလီးဗီးယား ဂိုးကိုပိုမိုခြိမ်းခြောက်လာခဲ့ရာဘိုလီးဗီးယားဂိုးသမား မြန်မာအသင်း၏သေချာပေါက်ဂိုးများကိုခက်ခက်ခဲခဲ ကာကွယ်သွားခဲ့ရသည်။သို့သော်ဒုတိယပိုင်း ၂၃ မိနစ်တွင် ဘိုလီးဗီးယားအသင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့်တတိယဂိုးသွင်းယူခဲ့သည်။တစ်ပွဲလုံးအနေနှင့်ဆိုရပါမူ မြန်မာအသင်း ကဂိုးပြတ်ခဲ့ရသော်လည်းအရပ်အမောင်း၊ကြံ့ခိုင်မှုနှင့်နည်းစနစ်အားဖြင့်သာလွန် သောတောင်အမေရိက၏ အသင်းကောင်းတစ်သင်းဖြစ်သောဘိုလီးဗီယားကို အပြန်အလှန်ထိုးဖောက်ကစားမှုများပြုနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)