Connect with us

Sport

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် ဂျော်ဒန်အသင်းတို့၏ နိုင်ငံတကာခြေစမ်းပွဲကို ဇွန်လအတွင်း ကျင်းပရန် သဘောတူညီမှုရရှိထား

မြန်မာ့လက်ရွေးစင်အသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)ရေးသားသူ/အေးလပြည့်

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် ဂျော်ဒန်အသင်းတို့၏ နိုင်ငံတကာခြေစမ်းပွဲကို ဇွန်လအတွင်း ယှဉ်ပြိုင်ကစားရန် နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်အကြား သဘောတူညီမှုရရှိထားကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ခွင့်ပြုမိန့်ရရှိပါက ဇန်နဝါရီလ ၁၆ ရက်တွင် စခန်းသွင်းလေ့ကျင့်မှုများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းက ဆင်ဟွာသို့ ဇန်နဝါရီ ၇ ရက်တွင်ပြောကြားသည်။

“ကျွန်တော်တို့ အရင်က မြန်မာ့လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်က ရန်ကုန်မြို့မှာ ဂျော်ဒန်အသင်း နဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ခဲ့ပေမယ့် COVID-19 ရောဂါအခြေအနေကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ အခုကတော့ ဇွန်လမှာ ယှဉ်ပြိုင်ကစားနိုင်မယ်လို့ ယူဆပြီးပြင်ဆင်မှုတွေလုပ်ရတာပါ။ ပွဲကရန်ကုန်မှာ အိမ်ရှင်အဖြစ်ကျင်းပမှာဖြစ်ပါတယ်’’ ဟု၎င်းကဆိုသည်။
COVID-19 ၏ အခြေအနေပေါ်မူတည်၍ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်မတိုင်မီ ဇွန် ၁ ရက်တွင် ရန်ကုန်၌ ခြေစမ်းပွဲကစားရန်နှစ်ဘက်ဘောလုံးအဖွဲ့ချုပ်က မျှော်မှန်းထားကြောင်း၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲစဉ်များကို ပြန်လည်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် COVID-19 အလွန်ကာလတွင် နိုင်ငံတကာပွဲစဉ်များတိုးချဲ့ ကစားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ဦးကိုကိုသိန်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.