Connect with us

Sport

လက်ရွေးစင်ဘောလုံးအသင်းများ နှစ်ကုန်ပိုင်းတွင်သာ လေ့ကျင့်မှု ပြုလုပ်နိုင်မည်ဟု ခန့်မှန်း 

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) 

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ အနေဖြင့် နှစ်ကုန်ပိုင်းမှသာ ပြန်လည် လေ့ကျင့်နိုင်တော့မည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ဆင်ဟွာသို့ သြဂုတ် ၂၇ ရက်တွင်ပြောသည်။

“ကျွန်တော်တို့အနေနဲ့ လက်ရွေးစင်အသင်းတွေရဲ့  နိုင်ငံတကာပြိုင်ပွဲကာလပေါ်မူတည်ပြီး စခန်းသွင်းလေ့ကျင့်မယ့် ကာလကို  သတ်မှတ်မှာပါ။ ပြည်တွင်း ရဲ့ COVID-19 အခြေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီဆောင်ရွက်မှာဖြစ်ပါတယ်။’’ ဟု ၎င်းကပြောသည်။

မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အသင်း တို့သည် မူလက ယခုနှစ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အာရှနှင့် အာဆီယံ အဆင့်ပြိုင်ပွဲများ ယှဉ်ပြိုင်ရန်ရှိသော်လည်း လက်ရှိတွင် COVID-19 ရောဂါကြောင့်  ပြိုင်ပွဲများ ရွှေ့ဆိုင်းခဲ့ရပြီး လာမည့်နှစ်မှသာ ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ်တွင် လက်ရွေးစင်အသင်းများ အနေဖြင့် နိုင်ငံတကာပြိုင်ပွဲများ ကစားရန်မရှိတော့ကြောင်း၊ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည်    ယခုနှစ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတို့ ယှဉ်ပြိုင်ရန် ရှိသော်လည်း လာမည့်နှစ်သို့ရွှေ့ဆိုင်းထားရကြောင်း၊ မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း မတ်လက   ကာလတိုလေ့ကျင့်မှု တစ်ကြိမ်သာ ပြုလုပ်ခဲ့ရပြီး ရပ်နားထားရကြောင်း သိရသည်။ 

ထို့ပြင် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်း များလည်း  မူလက  ယခုနှစ်အတွင်း အာဆီယံ အဆင့်ပြိုင်ပွဲများ  ယှဉ်ပြိုင်မည်ဖြစ်သော်လည်း အာဆီယံဘောလုံးအဖွဲ့ချုပ်က  ကျင်းပရန် စီစဉ်ထားသည့် အာဆီယံပြိုင်ပွဲ အားလုံးကို ရွှေ့ဆိုင်းခဲ့ပြီး လာမည့် နှစ်မှသာ ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ဘောလုံးပွဲစဉ်များ ကို အမြန်ဆုံးပြန်လည်ကျင်းပနိုင်ရန် ရည်ရွယ်ထားသော်လည်း COVID-19 ရောဂါအခြေအနေပေါ်တွင်သာ အဓိကဦးစားပေးစဉ်းစားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)  

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.