Connect with us

Sport

COVID-19 ရောဂါကာလတွင် ပြန်လည်ကျင်းပမည့်ဘောလုံးပွဲများတွင် ဘောလုံးတစ်သင်းလျှင် လူ ၂၃ ဦးသာဝင်ခွင့်ပြုမည်ဖြစ်ကြောင်းဆို 

ဩဂုတ် ၂၂ ရက်တွင် ကျင်းပမည့် Myanmar National League -1 လက်ကျန်ပွဲစဉ်များအတွက် စစ်ကိုင်းယူနိုက်တက်အသင်းလေ့ကျင့်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ— Myanmar National League)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါဖြစ်ပွားသည့် ကာလဖြစ်သော သြဂုတ် ၂၂ ရက်တွင် ပြန်လည်ကျင်းပမည့် Myanmar National League -1 အမှတ်ပေးဘောလုံးပြိုင်ပွဲ လက်ကျန်ပွဲစဉ်များတွင် ယခင်က ကွင်းထဲသို့ ဘောလုံးအသင်းတစ်သင်းလျှင် လူ၃၀ ဦးခန့်ဝင်ခွင့်ပြုခဲ့သော်လည်းယခု လူ၂၃ ဦးသာ ဝင်ခွင့်ပြုပြီး လူဦးရေအနည်းဆုံးဖြင့် ပရိသတ်မပါ ကွင်းပိတ်ကစားမည်ဖြစ်ကြောင်း Myanmar National League မှ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ကဆင်ဟွာသို့ သြဂုတ် ၂၁ ရက် တွင်ပြောသည်။ 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် COVID-19 ရောဂါအခြေအနေကြောင့် ဘောလုံးဥပဒေတချို့ အသစ်ပြောင်းထား ပြီး   ဘောလုံးဥပဒေသစ်အရ  ယခုနှစ် ကုန်ပိုင်းအထိကျင်းပမည့် ဘောလုံးပြိုင်ပွဲများတွင် လူစားလဲခွင့်ကို ငါးဦးအထိ ခွင့်ပြုထားကြောင်း သိရသည်။

“အရင်က ၃ ယောက်ပဲ လဲလို့ရတာ။ အခုက COVID-19 ရောဂါ ကာလမို့ အများဆုံး ၅ ယောက်ကိုလဲလှယ် ကစားခွင့်ပြုတာ ဖြစ်တယ်။ ကျန်းမာရေး လမ်းညွှန်ချက်နဲ့အညီ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန က စစ်ဆေးအတည်ပြုတဲ့ အတိုင်း တသွေမတိမ်းလိုက်နာပြီးတော့ ကစားပါ့မယ်။  ကစားသမားတွေ၊ နည်းပြတွေ အကုန်လုံးကလည်း ဘောလုံးကွင်းနဲ့ ပြိုင်ပွဲ ပဲ သွားရပါတယ်။ လုံးဝအပြင်မထွက်ရပါဘူး။ သွားတဲ့အခါ မှာလည်း အကုန်လုံးက social distancing နဲ့ ကားစီးရပါတယ်။’’ ဟု ၎င်းကရှင်းပြသည်။ 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် သြဂုတ်  ၁၈  ရက်က  ကလပ်အသင်းနည်းပြချုပ်နှင့် ကစားသမားများပါဝင်သည့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ယခုနှစ်ဘောလုံးရာသီတွင် FIFA  မှ ပြောင်းလဲထားသည့်   ဘောလုံးဥပဒေသစ်များကို အသေးစိတ် ရှင်းလင်းခဲ့ကြောင်း သိရသည်။ 

COVID-19  ရောဂါအခြေအနေကြောင့်  ပြိုင်ပွဲရပ်နားထားချိန်တွင် မြန်မာနေရှင် နယ်လိဂ်-၁   ပြိုင်ပွဲဝင်   ဇွဲကပင်ယူနိုက် တက်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ နုတ်ထွက်ခဲ့သဖြင့် လက်ကျန်ပွဲစဉ်များကို  ၁၀  သင်းဖြင့်သာ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် ယင်းနှစ်သင်းနှင့် တွေ့ဆုံခဲ့သည့် ရလဒ်များကို  ပယ်ဖျက်ပြီး  အမှတ်ပေးဇယား    ပြန်လည်ထုတ်ပြန်ထားရာ လက်ရှိအမှတ်ပေးဇယားအဆင့်(၁) နေရာကို တစ်ပွဲပိုကစားထားသော ဟံသာဝတီယူနိုက်တက်အသင်း၊ ဒုတိယနေရာတွင်ဧရာဝတီယူနိုက်တက်အသင်း၊ တတိယနေရာတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် စတုတ္ထနေရာတွင်  ရခိုင်ယူနိုက်တက်အသင်းတို့ အစဉ်လိုက် ရပ်တည်နေကြောင်း သိရသည်။

ယခုပွဲစဉ်များနှင့် ပတ်သက်၍ MRTV တွင် ပြသနိုင်ရန်ညှိနှိုင်းလျက်ရှိကြောင်း၊ မြဝတီတီဗီအစီအစဉ် တွင် ထုတ်လွှင့်ရန် သဘောတူပြီးဖြစ်ကြောင်းနှင့် My Sport နှင့် အခြား Channel များမှ ပါထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.