Connect with us

Sport

အာရှ ၁၂ နိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်ကြသည့် ဒုတိယ အကြိမ်မြောက် အာရှ ခြင်းလုံးနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ယနေ့စတင် ကျင်းပ

ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း ဒုတိယ အကြိမ်မြောက် အာရှ ခြင်းလုံးနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-အားကစားဝန်ကြီးဌာန)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဒုတိယ အကြိမ်မြောက် အာရှ ခြင်းလုံးနှင့် ပိုက်ကျော်ခြင်း ချစ်ကြည်ရေး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားအား ယနေ့ဖေဖောဝါရီ ၁၆ ရက်တွင် မန္တလေးတိုင်း ဒေသကြီး ၊ အမရပူရ မြို့နယ် ဝေယောစန ကျောက်စိမ်း စေတီတော်မြတ်၌ ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ ၊ အားကစား ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ရိုးရာခြင်းလုံး အားကစားနည်းကို နိုင်ငံတကာမှ ယခုထက် ပိုမိုဆွဲဆောင်၍ ကျယ်ကျယ်ပြန့်ပြန့် စိတ်ပါဝင်စားလာမည်ကို ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲဝင်နိုင်ငံများအနေနှင့် တူညီသော အရည်အချင်းများဖြင့် အကောင်းဆုံး ယှဉ်ပြိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုလိုပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရရှိ၍ ပြိုင်ပွဲဝင်နိုင်ငံ အချင်းချင်း ပိုမိုရင်းရင်းနှီးနှီး ချစ်ကြည် ရင်းနှီးမှု ရရှိရုံသာမက အနာဂတ်တွင် ဒီထက်မက နိုင်ငံအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ထိုအတူ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့် ၊ အာရှ ခြင်းလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင် တို့ကလည်း အသီးသီး နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့ပြီးနောက် ခြင်းလုံး ပြိုင်ပွဲ၏ ပထမဆုံး ပွဲစဉ်အဖြစ် ကိုရီးယားနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံ အသင်းတို့ ယှဉ်ပြိုင် မကစားမီ နှစ်ဘက်သော ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဒိုင်လူကြီးများအား ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့မှ လိုက်လံ နှုတ်ဆက်ကြပြီး ပြိုင်ပွဲ ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအား အာရှ ခြင်းလုံး အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းနှင့် ရိုးရာ ခြင်းလုံး အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပခဲ့ခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင် နိုင်ငံများ အဖြစ် အိမ်ရှင် မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ မလေးရှား၊ စင်ကာပူ၊ လာအို၊ ကိုရီးယား၊ ဂျပန်၊ အီရန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ကမ္ဘောဒီးယား နိုင်ငံမှ အားကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.