Connect with us

Sport

၂၀၂၁ ခုနှစ် Myanmar National League ဘောလုံးပြိုင်ပွဲတွင် အသက် ၂၁ အောက် ပွဲစဥ်တစ်ခုသာ ကျင်းပမည်ဟုဆို

ယူ-၂၁ ဘောလုံးအသင်း ယှဉ်ပြိုင်ကစားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--Myanmar National League)

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၁ ခုနှစ်ဘောလုံးရာသီသစ်တွင် Myanmar National League ဘောလုံးပြိုင်ပွဲများကို အသက် ၂၁ နှစ်အောက် ပြိုင်ပွဲတစ်ခုသာကျင်းပမည်ဖြစ်ကြောင်း Myanmar National League အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ဆင်ဟွာသို့ ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားသည်။

 

“ယူ၂၁ ကိုပဲ ကျင်းပတော့မယ်လို့ League ကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။ အဓိကကတော့ အသင်းတွေရဲ့ ဘဏ္ဍာရေးအခြေအနေ၊ နောက်ပြီး COVIDကာလမပြီးသေးတော့ ကျွန်တော်တို့အနေနဲ့ ကွင်းတို့ အချိန်တို့ လည်းလိုသေးတယ်။ ဘောလုံးအားကစားမှ မဟုတ်ပါဘူး။ အကုန်လုံးက COVIDပေါ်မူတည်နေတာ။ ပြိုင်ပွဲ လုပ်ချင်တာကတော့ အကုန်လုံးလုပ်ချင်တာပေ့ါ။ အခက်အခဲတွေကြောင့် League ကော်မတီက အစည်းအဝေးမှာ အခုလိုဆုံးဖြတ်လိုက်ရတာပါ’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ပြီးခဲ့သည့်ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်သည် ယူ-၂၁ နှင့် ယူ-၁၉ လူငယ်လိဂ်ပြိုင်ပွဲနှစ်ခု ကျင်းပနိုင်ခဲ့သော် လည်း ကလပ်အသင်းများ၏ ဘဏ္ဍာရေး အခြေအနေကြောင့် ယခုလာမည့် ဘောလုံးရာသီတွင် ယူ-၁၉ လိဂ်ကို ဆက်လက် ကျင်းပနိုင်ခြင်းမရှိဘဲ ယူ-၂၁ လူငယ် လိဂ်ပြိုင်ပွဲတစ်ခုသာ ကျင်းပရန်စီစဉ်ထားခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၃ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေး၌ လူငယ်လိဂ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး လူငယ်ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ်လိဂ်ပြိုင်ပွဲတစ်ရပ်ကို မဖြစ်မနေကျင်းပရန် စီစဉ်ခဲ့ကာ ကလပ်အသင်းများ၏ သဘောတူညီချက်အရ ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ တစ်ခုကိုသာ ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ပြုလုပ်မည့် League ကော်မတီအစည်းအဝေး၌ ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲစတင်မည့် အချိန်ကိုဆွေးနွေးအတည်ပြုမည်ဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ ဘောလုံးအားကစားအနေနဲ့ လုပ်နိုင်တဲ့ ပြိုင်ပွဲ၊ လုပ်သင့်တဲ့ပြိုင်ပွဲ၊ ပြိုင်ပွဲတိုင်းက ကျွန်တော်တို့အနေနဲ့ အကုန်အရေးပါပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တဲ့အခြေအနေပေါ်မှာ မူတည်ပြီး အကောင်းဆုံးဆောင်ရွက်သွားမှာပါ’’ ဟု ဦးစိုးမိုးကျော်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

#ဦးစိုးမိုးကျော် #ဘောလုံး #ယူ_၂၁ #မြန်မာနေရှင်နယ်လိဂ် #ဆင်ဟွာ

#USoeMoeKyaw #FootBall #U_21 #MyanmarNationalLeague #Xinhua

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.