Connect with us

Culture

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုက အနာဂတ်တွင် ဆက်လက်ကြီးပွားတိုးတက်နေမည်ဟု ယုံကြည်

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့က ဇူလိုင် ၃ ရက်တွင် ပုဂံမြို့၌ ကျင်းပသည့် ချူအင်လိုင်းတန်ဆောင်း ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်စဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုက အနာဂတ်တွင် ဆက်လက်ကြီးပွားတိုးတက်နေမည်ဟု ယုံကြည်ကြောင်း မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြားက ကာလကြာရှည်တည်ရှိတဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး နဲ့ ပူးပေါင်းဆောင်ရွက်မှုက ကျွန်တော်တို့ရဲ့ အပြန်အလှန်နားလည်မှုနဲ့ ကောင်းမွန်တဲ့ အိမ်နီးချင်းကောင်းကို ကျောထောက်နောက်ခံပြုထားတဲ့ အနာဂတ်မှာ ဆက်လက်ကြီးပွားတိုးတက်နေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံစေတီတော် ပရိဝုဏ်အတွင်းရှိ ချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနားအား ဇူလိုင် ၃ ရက်တွင် ကျင်းပခဲ့ခြင်းနှင့်စပ်လျဉ်း၍ အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် “တို့ခေါ်လိုက် ပေါက်ဖော်”ဟု အမည်ရသော မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအား ရည်ညွန်းသည့် တေးသီချင်းရုပ်သံအား ပြသခဲ့ပြီး မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့မှ လူငယ်အဆိုတော်များက မြစ်တစ်စင်းထဲက ရေအား သောက်သုံးပြီး အိပ်မက်ကို အတူတကွ အကောင်အထည်‌ဖော်ကြရေး စိတ်ကူးစိတ်သန်းများဖြင့် ရာစုနှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးမှု အားကောင်းလာရေးအတွက် ၎င်းတို့၏ ဘုံရည်မှန်းချက် ၊ ငြိမ်းချမ်းရေး နှင့် သာယာဝပြောရေး မျှဝေသည့် အနာဂတ်ကို ဖန်တီးရန် ရှေ့ဆက်ဆောင်ရွက်မည့် ဆုံးဖြတ်ချက်အား ပြသခဲ့သည်။ တေးသီချင်းရုပ်သံမှာ တိုတောင်းသော်ငြားလည်း ယင်းတေးသီချင်းသည် မိမိတို့၏ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာအားကောင်းပြီး ရေရှည်တည်တံ့စေရန် ကြီးမားသောတွန်းအားတစ်ရပ် ပေးခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ပမာဏအားဖြင့် သေးငယ်သော်လည်း ချူအင်လိုင်းတန်ဆောင်းသည် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးသမိုင်းကြောင်းအတွက် အလွန်အရေးပါကြောင်း နှင့် နှစ်နိုင်ငံအကြား ထုံးတမ်းစဉ်လာ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး၏ ထင်ရှားသော သက်သေတစ်ခုအဖြစ် တည်ရှိကြောင်း အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ပုဂံမြို့၌ ဇူလိုင်လဆန်းပိုင်းတွင် ၇ ကြိမ်မြောက် မဲခေါင် – လန်ချန်းပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေး ကျင်းပစဉ်အတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံစေတီတော် ပရိဝုဏ်အတွင်းရှိ ချူအင်လိုင်းတန်ဆောင်း၌ ချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနားအား ကျင်းပခဲ့ရာ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

#ချူအင်လိုင်း #ဆွေမျိုးပေါက်ဖော် #ဦးစိန်ဝင်းအောင် #ဆင်ဟွာ #Xinhua #Myanmar #Xinhuamyanmar