Connect with us

News

ပုဂံချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းပြီးစီးကာ ပြည်သူများအသုံးပြုနိုင်ရန် ဖွင့်လှစ်

ပုဂံချူအင်လိုင်းတန်ဆောင်းအား မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Ms. Li Xiaoyan နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်စဉ် (Chinese Embassy in Myanmar)

ရန်ကုန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

ပုဂံချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း တည်ဆောက်ပြီးစီးကာ ပြည်သူများအသုံးပြုနိုင်ရန်အတွက် ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။တန်ဆောင်း ပြုပြင်မွန်းမံခြင်းလုပ်ငန်းကို ယခုနှစ် ဇန်နဝါရီလက တရားဝင်စတင်ခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက် အတူပူးပေါင်းဆောင်ရွက်ပြီး ကပ်ရောဂါ စသည့်အခက်အခဲများကို ကျော်လွှားကာ သုံးလကြာ ကြိုးပမ်းဆောင်ရွက်ပြီးနောက် လုပ်ငန်းအောင်မြင်စွာ ပြီးစီးခဲ့ကြောင်း ၊ ပြုပြင်မွမ်းမံထားသည့် တန်ဆောင်းသည် ပုဂံဒေသရှိ ရှေးဟောင်းဗိသုကာလက်ရာများနှင့် အင်ကြင်းပန်းပုံစံကို အသုံးပြုထားပြီး ပြုပြင်မွမ်းမံနေစဉ်အတွင်း အဆောက်အဦ၏ လေးနက်မှုနှင့် သမိုင်းကြောင်းကို ထည့်သွင်းထားကာ ပုဂံသို့ ဘုရားဖူးလာရောက်သူများနှင့် ခရီးသွားဧည့်သည်များအတွက် ကောင်းမွန်သော အနားယူစရာနေရာ အဖြစ်ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Ms. Li Xiaoyan က တန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း တည်ဆောက်ပြီးစီးခြင်းအခမ်းအနားတွင် အမှာစကား ပြောကြားနေစဉ်(Chinese Embassy in Myanmar)

ပုဂံချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း တည်ဆောက်ပြီးစီးခြင်းအခမ်းအနားကို ဧပြီလ ၄ ရက်နေ့တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Ms. Li Xiaoyan ၊ မန္တလေးအခြေစိုက်တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဒုတိယကောင်စစ်ဝန်ချုပ် Mr. Zhang Wei ၊ ရွှေစည်းခုံစေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း၊ မြန်မာ-တရုတ်ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့ နာယက ဒေါ်နီနီ တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သံမှူးကြီး Ms. Li Xiaoyan က ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်က ဝန်ကြီးချုပ်ချူအင်လိုင်း မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်စဉ်အတွင်း ပုဂံသို့ လာရောက်ခဲ့ပြီး မြန်မာကျပ်ငွေငါးထောင် လှူဒါန်းခဲ့ကြောင်း၊ မြန်မာနိုင်ငံက ထိုမတည်အလှူတော်ငွေနှင့် အများပြည်သူတို့ စုပေါင်းလှူဒါန်းငွေဖြင့် ပြည်သူများ နားနေနိုင်ရန် ဤတန်ဆောင်းကို ဆောက်လုပ်ခဲ့ကြောင်း၊ ဤတန်ဆောင်းကို မြင်တွေ့ရလျှင် ဝန်ကြီးချုပ်ချူအင်လိုင်း၏ တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ဂရုတစိုက် မြှင့်တင်တတ်သော သမိုင်းပုံရိပ်များ တစ်ခုပြီးတစ်ခု မျက်စိရှေ့တွင် ပေါ်လာကြောင်း၊ မိမိတို့ ယနေ့တွင် တန်ဆောင်း တည်ဆောက်ပြီးစီးခြင်းအခမ်းအနား ကျင်းပခြင်းသည် ဝန်ကြီးချုပ်ချူအင်လိုင်းကို အကောင်းဆုံးဂုဏ်ပြုခြင်းပင် ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ချူအင်လိုင်းသည် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုကို ဆောင်ကြဉ်းပေးသူ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ပုဂံချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း တည်ဆောက်ပြီးစီးခြင်းအခမ်းအနား ကျင်းပမှုအား တွေ့ရစဉ်(Chinese Embassy in Myanmar)

တန်ဆောင်းကို ကောင်းမွန်စွာ ထိန်းသိမ်းစီမံခန့်ခွဲခြင်းသည် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်၏ ဘုံဆန္ဒဖြစ်ရုံသာမက ဘုံတာဝန်နှင့် သမိုင်းပေးတာဝန်လည်း ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်၏ အတူတကွကြိုးပမ်းမှုအောက်တွင် အသစ်တစ်ဖန် ပြန်လည်မွမ်းမံထားသော တန်ဆောင်းက ဒေသခံပြည်သူများအား ဝန်ဆောင်မှုပေးရန် နှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး လက်ဆင့်ကမ်းရန်အတွက် ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်မည်ဟု ယုံကြည်ကြောင်း၊ မိမိတို့ကလည်း ဝန်ကြီးချုပ်ချူအင်လိုင်း စသော ခေါင်းဆောင်ဟောင်းများ၏ စိတ်ဆန္ဒများကို ဆက်လက်အမွေဆက်ခံပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုစိတ်ဓာတ်ကို ပြန့်ပွားစေကာ လူမှုယဉ်ကျေးမှု စသည့်နယ်ပယ်အသီးသီး၌ မြန်မာနိုင်ငံနှင့် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပြီး နှစ်နိုင်ငံပြည်သူများကို ပိုမိုအကျိုးပြုလိုကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ရွှေစည်းခုံစေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်က ရွှေစည်းခုံစေတီတော်ကြီးသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင်များ မကြာခဏလာရောက်ပြီး အလှူငွေများ လှူဒါန်းလေ့ရှိကြကြောင်း၊ ထိုကဲ့သို့ လှူဒါန်းကြသည့် အလှူရှင်များစွာထဲမှ ဝန်ကြီးချုပ်ချူအင်လိုင်း လှူဒါန်းငွေကို အထူးဝိသေသပြု ရွေးချယ်ပြီး ဘုရားဖူးဧည့်သည်များ နားနေတည်းခိုနိုင်ရန် အဆောက်အဦ ဆောက်လုပ် ကမ္ဗည်းရေးထိုးထားခဲ့ခြင်းသည် မြန်မာ-တရုတ်ချစ်ကြည်ရေးကို အလေးထားမှုကို ပေါ်လွင်ထင်ရှားစေခဲ့ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ တန်ဆောင်းကို နှစ်ကြိမ် ပြုပြင်မွန်းမံပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ထိုကဲ့သို့ ပြုပြင်မွန်းမံမှုများကြောင့် ဘရားဖူးဧည့်သည်များအား စိတ်လက်ကြည်သာ နားနေအပန်းဖြေနိုင်စေပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုထင်ဟပ် ပြသနိုင်မည်ဖြစ်ကြောင်း၊ ဂေါပကအဖွဲ့သည် တရုတ်နိုင်ငံနှင့်အတူ မြန်မာ-တရုတ်ချစ်ကြည်ရေး၏ သင်္ကေတဖြစ်သော ဤသမိုင်းဝင်အဆောက်အဦကို ပူးပေါင်းထိန်းသိမ်းစောင့်ရှောက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းပြီး ချူအင်လိုင်းတန်ဆောင်းကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်စေရန်အတွက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ၊ ရွှေစည်းခုံစေတီတော်ဂေါပကအဖွဲ့ စသည့်ဌာနဆိုင်ရာတို့နှင့် ဆွေးနွေးညှိနှိုင်းကာ တန်ဆောင်းကို ပြုပြင်မွမ်းမံပြီး ပြည်သူများအသုံးပြုနိုင်ရန်အတွက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ (Xinhua)
#ပုဂံ #ချူအင်လိုင်း #တန်ဆောင်း #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar