Connect with us

Economy

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း မူဘောင် သဘောတူညီချက် လက်မှတ် ရေးထိုး

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း မူဘောင် သဘောတူညီချက်အား လက်မှတ် ရေးထိုးစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံကိန်း မူဘောင် သဘောတူညီချက်(Framework Agreement) အား ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ နှင့် CITIC Consortium တို့အကြား သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းအား ယနေ့တွင် နေပြည်တော်ရှိ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ထိုလက်မှတ် ရေးထိုးပွဲ အခမ်းအနားတွင် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံကိန်း ရှေ ့ဆက်နိုင်ရေး အတွက် မူဘောင် သဘောတူညီချက်ကို တရုတ်နိုင်ငံဘက်မှ CITIC Group ကုမ္ပဏီ နှင့် မြန်မာဘက်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီတို့နှစ်ဘက် လက်မှတ် ရေးထိုးကြမည် ဖြစ်ကြောင်း ၊ ကနဦး ခြေလှမ်းအစ အောင်မြင်မှုဟု ပြော၍လည်း ရကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က အခမ်းအနားတွင် ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယနေ့တွင် တရုတ်-မြန်မာ နှစ်ဦးနှစ်ဘက်သည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံကိန်း ဆိုင်ရာ မူဘောင် သဘောတူ စာချုပ်ကို တရားဝင် ချုပ်ဆို နိုင်ခဲ့ပြီး ယင်းမှာ စီမံကိန်း လက်တွေ့တိုးတက်မှုများ ရရှိနေပြီ ဆိုသည်ကို ဖော်ပြနေပါကြောင်း ၊ တရုတ်-မြန်မာ နှစ်ဦးနှစ်ဘက်၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်မှု ရရှိပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားအင်များ ဖြည့်တင်းပေးကာ မြန်မာ ပြည်သူလူထု အတွက် အကျိုးစီးပွားများ ဆောင်ကြဉ်းပေးရေး ၊ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေး နှင့် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး မြှင့်တင်နိုင်ရန် အကျိုးဆောင်ပေးနိုင်မည်ဟု မျှော်လင့် ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က အခမ်းအနားတွင် ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

CITIC Group ဥက္ကဋ္ဌ ၊ Mr.Chang Zhenming က CITIC Consortium အနေဖြင့် မြန်မာ အစိုးရ၏ အားပေး ထောက်ခံမှု အရ မြန်မာ ပြည်သူလူထု အကျိုးစီးပွား အတွက် ၊ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် မြန်မာဘက်တို့နှင့် ပူးပေါင်းပြီး ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းကို အောင်မြင်အောင် တည်ဆောက်ကြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လာသည် နှင့် အညီ မြန်မာဒေသခံများကို တဖြည်းဖြည်း နှင့် စီမံခန့်ခွဲမှု အလုပ်နေရာ ခန့်အပ်ပေးမည် ဖြစ်ကြောင်း ၊ စီမံကိန်း အကုန် လည်ပတ်ပြီး ၁၀ နှစ် အကြာတွင် အခြေအနေအပေါ်တွင် မူတည်ပြီး စီမံခန့်ခွဲမှု အလုပ်နေရာ ၉၀ ရာခိုင်နှုန်းခန့်ဒေသခံများကို ခန့်အပ် ပေးမည် ဖြစ်ကြောင်း CITIC Group ဥက္ကဋ္ဌ က ထည့်သွင်း ပြောကြားခဲ့သည်။

CITIC Group ဥက္ကဋ္ဌ ၊ Mr.Chang Zhenming က အခမ်းအနားတွင် ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ယနေ့သည် မြန်မာနိုင်ငံ၏ ဗျုဟာမြောက် စီမံကိန်းကြီး တစ်ခုကို မြန်မာ နိုင်ငံ နှင့် တရုတ် နိုင်ငံ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန် ကနဦး ခြေလှမ်း စတင် နိုင်သည့် နေ့ထူးနေ့မြတ် တစ်ရက် ဖြစ်ကြောင်း ၊ ယခု အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံကိန်းသည် ဒေသတွင်း Regional Connectivity များ ချိတ်ဆက်ရာတွင် သာမက Belt and Road Initiative အတွက်လည်း အဓိက ကျသည့် စီမံကိန်း တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က အခမ်းအနားတွင် ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

နောင်တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှ နေပြည်တော် ၊ မန္တလေးမှ တဆင့် တရုတ်နိုင်ငံ အနောက်ပိုင်း ဒေသ အပြင် ရန်ကုန်က တဆင့် East-West Economic Corridor နှင့် Southern Economic Corridors တစ်လျှောက် ထိုင်းနိုင်ငံ ၊ ကမ္ဘောဒီးယား နိုင်ငံ နှင့် ဗီယက်နမ် နိုင်ငံ တို့ကို ဖြတ်ပြီး အရှေ ှ့ဘက် Pacific Ocean အထိ ချိတ်ဆက်နိုင်သည့် Connectivity ကြီး တစ်ခု ဖြစ်လာနိုင်ကြောင်း ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြောကြားခဲ့သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံကိန်း မူဘောင် သဘောတူညီချက်အား ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးဆက်အောင် နှင့် CITIC Group ဥက္ကဋ္ဌ ၊ Mr.Chang Zhenming တို့က စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် တို့၏ ရှေ့မှောက်တွင် လက်မှတ် ရေးထိုး လဲလှယ်ခဲ့ကြသည်။

စီမံကိန်း မူဘောင် သဘောတူညီချက် လက်မှတ် ရေးထိုးခြင်း နှင့် စပ်လျဉ်း၍ သတင်းမီဒီယာများအား အသိပေး ရှင်းလင်းခြင်း ပြုလုပ်စဉ်(ဆင်ဟွာ)

ထို့အပြင် ကျောက်ဖြူ အထူး စီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံကိန်း မူဘောင် သဘောတူညီချက် လက်မှတ် ရေးထိုးခြင်း နှင့် စပ်လျဉ်း၍ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးဆက်အောင် နှင့် CITIC Consortium ကိုယ်စားလှယ် ၊ CITIC Group (Myanmar) Co.Ltd ၏ Managing Director Mr.Yuan Shaobin တို့က သတင်းမီဒီယာများအား အသိပေး ပြောကြားမှုများ ပြုလုပ်ခဲ့သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ယခု အစိုးရ လက်ထက်တွင် CITIC Group နှင့် အသေးစိတ် ဆွေးနွေးမှုများအား ထပ်မံ ပြုလုပ်ပြီး သဘောတူညီမှုများအား မူဘောင် သဘောတူညီချက် အနေဖြင့် ချုပ်ဆိုခြင်း ဖြစ်ကြောင်း ၊ မူဘောင် သဘောတူညီချက်တွင် သဘောတူထားသည့် အချက်များကို အခြေခံပြီး တခြား လိုအပ်သည့် စာချုပ်များကို ဆက်လက် ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သတင်းမီဒီယာများအား အသိပေး ပြောကြားခဲ့သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း မူဘောင် သဘောတူညီချက်အား လက်မှတ် ရေးထိုးလဲလှယ်စဉ်(ဆင်ဟွာ)

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံကိန်း မူဘောင် သဘောတူညီချက်တွင် သဘောတူညီခဲ့သည့် အဓိက အချက်များမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် CITIC Consortium ဘက်မှ ၇၀ ရာခိုင်နှုန်း နှင့် မြန်မာဘက်မှ ၃၀ ရာခိုင်နှုန်း ဖြစ်ကြောင်း ၊ မြန်မာဘက်မှ ရှယ်ယာများအား ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ကနဦး ပိုင်ဆိုင်ပြီး ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို နောင်တွင် မြန်မာ ပုဂ္ဂလိက အများပိုင် အဖွဲ့အစည်းကို လွှဲပြောင်း သွားရန် သဘောတူခဲ့ကြောင်း ၊ စီမံကိန်းကို တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ပြီး အဆင့်တစ်ခုမှ နောက်အဆင့် တစ်ခုကို တိုးချဲ့မည် ဆိုပါက လိုအပ်သည့် အဓိက အချက်များကိုလည်း သဘောတူခဲ့ကြောင်း သိရသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း မူဘောင် သဘောတူညီချက်အား လက်မှတ် ရေးထိုးလဲလှယ်စဉ်(ဆင်ဟွာ)

စီမံကိန်း ပထမ အဆင့် ကုန်ကျငွေအား အမေရိကန် ဒေါ်လာ ၁.၃ ဘီလီယံ ရှိနိုင်မည်ဟု ခန့်မှန်း ထားသော်လည်း အမှန်တကယ် ကုန်ကျငွေကို အတိအကျ သိရှိနိုင်ရန် ၊ ပိုမို လျှော့ကျနိုင်စေရန် နိုင်ငံတကာ အကြံပေး အဖွဲ့အား တတိယ အဖွဲ့အစည်း အဖြစ် ခန့်အပ်ပြီး အသေးစိတ် လေ့လာ ဆန်းစစ်မှုများ ဆက်လက် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးဆက်အောင်၏ ပြောကြားချက် အရ သိရသည်။

စီမံကိန်း မူဘောင် သဘောတူညီချက်အား လက်မှတ် ရေးထိုးအပြီး စုပေါင်း မှတ်တမ်းတင် ရိုက်ကူးစဉ်(ဆင်ဟွာ)

ထို့အတူ စီမံကိန်းသည် ရေနက် ဆိပ်ကမ်း စီမံကိန်း ဖြစ်သော်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွင်းတွင် ရှိသည့် အထူးစီးပွားရေးဇုန် စီမံကိန်း တစ်ခု ဖြစ်သည့် အတွက် မြန်မာ အထူး စီးပွားရေးဇုန် ဥပဒေ နှင့် အညီ ဆောင်ရွက်သွားရန် သဘောတူခဲ့ကြောင်း သိရသည်။ကျောက်ဖြူ အထူး စီးပွားရေးဇုန် စက်မှုဇုန် နှင့် ရေနက် ဆိပ်ကမ်း စီမံကိန်း အတွက် CITIC Consortium သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် တင်ဒါ အောင်မြင်ခဲ့ပြီးနောက် ယခု အခါတွင် ကျောက်ဖြူ အထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း မူဘောင် သဘောတူညီချက်အား ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

CITIC Consortium တွင် CITIC group ၊ China Harbour Enginerring ၊ China Merchants Holdings (International) ၊ TEDA Investment ၊ Yunnan Construction Engineering Group နှင့် Thailand Charoen Pokphand Group စသည့် အကြီးဆုံး နိုင်ငံတကာ ကုမ္ပဏီကြီးများ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.