Connect with us

Economy

ကျင်စန်းကျော့ဂိတ်မှတစ်ဆင့် တစ်ရက်လျှင် ကုန်တင်ယာဉ်အစီး ၈၀ ခန့်ဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား အပြန်အလှန် ကုန်သွယ်မှုပြုလုပ်လျက်ရှိ

မြန်မာ-တရုတ် နှစ်နိုင်ငံ မူဆယ် နယ်စပ်ဂိတ်တွင် သွားလာနေသော ကုန်တင်ကားများကို တွေ့ရစဉ် (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ)
ကျင်စန်းကျော့ဂိတ်မှတစ်ဆင့် တစ်ရက်လျှင် ကုန်တင်ယာဉ်အစီး ၈၀ ခန့်ဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား အပြန်အလှန် ကုန်သွယ်မှုပြုလုပ်လျက်ရှိကြောင်း မူဆယ်ကုန်စည်ဒိုင်အသင်း ဥက္ကဋ္ဌ ဦးမင်းသိန်းက ဆင်ဟွာသို့ ယနေ့ မေ ၂၇ ရက် တွင်ပြောသည်။

ဦးမင်းသိန်းက “မေလ ၁၆ ရက်နေ့ နောက်ပိုင်းမှာ မြန်မာကုန်တင်ကားတွေကို အစားထိုးယာဉ်မောင်းစနစ်နဲ့ ဝင်ခွင့်ပြုပြီးတဲ့နောက်ပိုင်း မှာ မြန်မာကုန်တင်ကားတွေ တိုက်ရိုက်ဝင်ထွက်ခွင့်ရတဲ့ အတွက် စရိတ်စကမှာ အများကြီးသက်သာသွားပြီး ကုန်သွယ်ရေးတွေလည်း ပိုမိုကောင်းမွန်လာတပါ’’ ဟု ပြောသည်။

ထိုသို့ ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ဘက်မှ ဆန်၊ဆန်ကွဲ နှင့် လယ်ယာထွက်ကုန်ပစ္စည်းများအား ပို့ဆောင်လျက်ရှိပြီး၊ တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့်လူသုံးကုန်ပစ္စည်းများ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

“မြန်မာဘက်က ကုန်တင်ယာဉ်အစီး ၄၀ ၊ တရုတ်နိုင်ငံဘက်က ကုန်တင်ယာဉ်အစီး ၄၀ လောက် နေ့စဉ် ပုံမှန် ကုန်သွယ်မှုအဝင်အထွက်ရှိနေပါတယ်။ COVID-19 အခြေအနေအရ ပိတ်ထားသေးတဲ့ ကျယ်ဂေါင်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ ချင်းရွှေဟော်ဂိတ်နဲ့ နန်းတော်ဂိတ်တို့ကိုလည်း ကျင်စန်းကျော့ဂိတ်လို ဖွင့်လှစ်ခဲ့မယ်ဆိုရင် တရုတ်-မြန်မာကုန်သွယ်ရေးက အခုထက်ပိုမိုတိုးတက်ကောင်းမွန်လာမယ်လို့ယူဆ ပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။ (Xinhua)