Connect with us

Economy

“လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံ တက္ကသိုလ်များအကြား သိပ္ပံနည်းပညာ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှု” စီမံကိန်း စတင်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပ

ရန်ကုန်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

“လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံ တက္ကသိုလ်များအကြား သိပ္ပံနည်းပညာ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှု” စီမံကိန်း စတင်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ယနေ့ ဩဂုတ် ၂၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှဦးစီးကျင်းပသည့် “လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံ တက္ကသိုလ်များအကြား သိပ္ပံနည်းပညာ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှု” စီမံကိန်း စတင်ခြင်းအခမ်းအနားကို သြဂုတ်လ ၂၈ ရက်တွင် နေပြည်တော်၌ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး နေပြည်တော်ဆက်သွယ်ရေးရုံးမှ ဌာနမှူး Mr. Zhang Zhonghua တို့တက်ရောက် အမှာစကားပြောကြားခဲ့ကြသည်။

တရုတ်နိုင်ငံဘက်မှ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ပထဝီတည်နေရာချင်းနီးစပ်ပြီး ယဉ်ကျေးမှုချင်းတူညီကာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ် သမိုင်းကြောင်း ကြာရှည်လှကြောင်း၊ နှစ်နိုင်ငံသည် အဆင့်မြင့်ပညာရေး၊ သိပ္ပံနည်းပညာဆန်းသစ်တီထွင် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်ရာတွင် ကောင်းမွန်သည့်အခြေအနေနှင့် ကျယ်ပြန့်သည့်နေရာရှိကြောင်း၊ ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့သည် စီမံကိန်းမှတစ်ဆင့် အပြန်အလှန်နားလည်သိရှိမှု တိုးပွားလာစေပြီး အသေးစိတ်ကဏ္ဍလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေးအတွက် အကျိုးထမ်းဆောင်ပေးသည့်အပြင် တရုတ်-မြန်မာအဆင့်မြင့်ပညာရေးကျောင်းများအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာဖြစ်လာရန် မျှော်လင့်ကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံက လန်ချန်း-မဲခေါင်မိတ်ဖက်များနှင့်အတူ ပညာရေး၊ သိပ္ပံနည်းပညာ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်၍ ပိုမိုရင်းနှီးသော လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှအသိုက်အဝန်း အတူတကွတည်ဆောက်ရန် ဆက်လက်အားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘက်မှ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေးကျောင်းများက လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသတွင်းနိုင်ငံမှ အဆင့်မြင့်ပညာရေးကျောင်းများနှင့် ကူးလူးဖလှယ်ရန် အားပေးကြောင်း၊ ယခုအကြိမ် ဤစီမံကိန်းမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုမူဘောင်တည်ဆောက်ကာ လေ့ကျင့်ရေး၊ ဆွေးနွေးပွဲ၊ လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေး စသည့်နည်းလမ်းများဖြင့် သိပ္ပံနည်းပညာဝန်ထမ်းများ စွမ်းရည်မြှင့်တင်၍ အဆင့်မြင့်ပညာရေး ပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်ပြီး ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူများ သံယောဇဉ်ကိုတိုးမြှင့်ရန် မျှော်လင့်ပါကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကို တရုတ်နိုင်ငံအစိုးရမှ အရင်းအနှီးစိုက်ထုတ် ထူထောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံက စီမံကိန်းပေါင်း ၁၀၆ ခုအတွက် ပံ့ပိုးမှုရရှိပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရမှ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အရင်းအနှီးနှင့် နည်းပညာပံ့ပိုးကူညီပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)