Connect with us

Economy

တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၃ ကို ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်တွင် ၃ ရက်တာ ကျင်းပမည်

ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူများကို ၂၀၂၃ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၃ ကို ရန်ကုန်မြို့ Inya Lake Hotel ဝင်းရှိ Yangon Convention Center တွင် ၂၀၂၃ ဒီဇင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ၃ ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူများကို ၂၀၂၃ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူများကို ၂၀၂၃ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ ပူးပေါင်းကာ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ် နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၃ ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံမှ အမှတ်တံဆိပ် ၂၅ ခုနှင့် အထည်အလိပ်နှင့် အဝတ်အထည်၊ ဖိနပ်နှင့် အိတ် ထုတ်လုပ်သူ ၁၀၀ ကျော်တို့သည် ၎င်းတို့၏ ထုတ်ကုန်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Made in Myanmar ထုတ်ကုန်များဖြစ်သော အဝတ်အထည်၊ ပြည်တွင်းထုတ် ဖိနပ်နှင့် အိတ်များ ကိုလည်းပြသသွားမည်ဖြစ်ပြီး ပြည်တွင်း SME လုပ်ငန်းများအား အရောင်းမြှင့်တင်ခြင်း ၊ မိတ်ဆက်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အဝတ်အထည်နဲ့ ပတ်သက်ပြီးအရောင်အသွေး၊ ဖက်ရှင်၊ ဒီဇိုင်း အကြိုက်ချင်းကွဲပြားကြတယ်။ ဒါပေမဲ့လည်း အားလုံးက အရည်အသွေးကောင်းမွန်ပြီး ဆန်းသစ်တာကိုပဲ ကြိုက်နှစ်သက်ကြပါတယ်။ ဒီပြပွဲမှာ Made in Myanmar ထုတ်ကုန်တွေကို စျေးကွက်မြှင့်တင်မှာဖြစ်တဲ့ အတွက် နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင် စတာတွေနဲ့ ပြည်တွင်းလုပ်ငန်းရှင်များက အတူလက်တွဲပြီး မတူကွဲပြားတဲ့ အဝတ်အထည်၊ ဖိနပ်၊ လက်ကိုင်အိတ် စတဲ့ ထုတ်ကုန်တွေကိုတစ်နေရာတည်းမှာ စုစုစည်းစည်း ပြသသွားမှာဖြစ်ပါတယ်။ မြန်မာပြည်မှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးမြင့်မားမှုကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ရမှာ ဖြစ်ပြီး အဲ့ဒီအတွက်လည်း မိမိတို့အနေနဲ့ ဂုဏ်ယူရမှာ ဖြစ်ပါတယ်” ဟုမြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် မှ ပြောသည်။

ထို့ပြင် ယင်းပြပွဲအတွင်း အာဆီယံနိုင်ငံများမှ အထည်ချုပ်လုပ်ငန်းရှင် AFTEX ကိုယ်စားလှယ်များမှလည်း အာဆီယံနိုင်ငံများ၏ အထည်အလိပ်နှင့် အဝတ်အထည် ကဏ္ဍတို့၏ အနာဂတ်အလားအလာများကို Panel Discussion များဖြင့် မျှဝေပေးသွားမည်ဖြစ်ပြီး ပြပွဲသို့ လာရောက်မည့်သူများအနေဖြင့်လည်း သက်ဆိုင်ရာပြခန်းများမှ ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မည့် အခွင့်အရေးများရရှိမည်ဖြစ်ကာ လုပ်ငန်းပိုင်းဆိုင်ရာများတွင်လည်း အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါပြပွဲတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် မြန်မာနိုင်ငံရှိ ပြည်ပအထည်ချုပ်လုပ်ငန်းရှင်အသင်းများဖြစ်သော ကိုရီးယား (KOGAM) ၊ ဂျပန် (JGMA) ၊ ဟောင်ကောင် (HKMMA) တို့မှ အသင်းဝင်စက်ရုံများ၏ Pavilion ပြခန်းများကိုလည်း သက်ဆိုင်ရာအသင်းများနှင့် အတူ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)