Connect with us

Social

ဆင်းရဲမှုလျှော့ချရေးစံပြကျေးရွာနှစ်ရွာ၌ စတင်ဆောင်ရွက်

ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြ စီမံကိန်း စတင်ခြင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှု လျှော့ချရေး ဗဟိုဌာန (IPRCC:_ International Poverty Reduction Center China) တို့ ပူးပေါင်း ဆောင်ရွက်သည့် ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြ စီမံကိန်း စတင်ခြင်း အခမ်း အနား ကို နေပြည်တော်ရှိ တော်ဝင် နေပြည်တော် ဟိုတယ်၌ ယနေ့ကျင်းပခဲ့သည်။

စီမံကိန်း အထိမ်းအမှတ် ဆိုင်းဘုတ်ဖွင့်ပွဲပါ ပါဝင်သည့် အဆိုပါ အခမ်းအနားသို့ တက်ရောက်လာ သည့် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက “ဒီစီမံကိန်းကို တရုတ်နိုင်ငံရဲ့ ထောက်ပံ့ငွေ ယွမ် ၃၃ ဒသမ ၃၃ သန်းနဲ့ နေပြည်တော် လယ်ဝေးမြို့မှာရှိတဲ့ မင်းပြင်ကျေးရွာနဲ့ တပ်ကုန်းမြို့နယ်အတွင်းက အေးချမ်းသာ ကျေးရွာတို့မှာ စီမံကိန်းကာလ သုံးနှစ် အကောင်အထည် ဖော်ပေးသွားမှာ ဖြစ်ပါတယ်” ဟု စီမံကိန်းနှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနှင့် မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ “ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်” ကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်လအကျော်တွင် ယခုကဲ့သို့ စတင်နိုင်ခြင်းဖြစ် ကြောင်း၊ စီမံကိန်း ကျေးရွာ နှစ်ရွာတွင် လမ်း တံတားနှင့် ရေပေးရေးဆိုင်ရာ အခြေခံ အဆောက် အအုံများ တည်ဆောက်ပေးမည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာအောင် ထောက်ကူပေးခြင်း၊ ရပ်ရွာအဆင့် သဘာ၀ ပတ်ဝန်းကျင် စီမံ ခန့်ခွဲမှု လုပ်ငန်းများ အကောင်အထည်ဖော်ပေးခြင်း၊ ဖွံ့ဖြိုးရေး ဆိုင်ရာ စွမ်းဆောင် ရည် မြှင့်တင်ရေး ဆိုင်ရာ သင်တန်းများ အတွက် နည်းပညာများ ပံ့ပိုးပေးခြင်းတို့ကို ယခု စီမံကိန်းက ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

စံပြ စီမံကိန်း အထိမ်းအမှတ် ဆိုင်းဘုတ်ကိုပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့ ဖွင့်လှစ်ကြစဉ်(ဆင်ဟွာ)

အဆိုပါ စီမံကိန်းသည် “(၁၇) ကြိမ်မြောက် အာဆီယံနှင့် တရုတ် ၊ ဂျပန်၊ ကိုရီးယား (၁၀ + ၃) ခေါင်းဆောင်များ အစည်းအဝေး” တွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် Mr. Li Keqiang က “ အရှေ့ အာရှ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပူးပေါင်း ဆောင်ရွက်မှု စီမံချက်ကို ဖော်ဆောင်ရန်” အဆိုပြုခဲ့သော စီမံချက်ပင် ဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောသည်။

ပြည်ထောင်စုဝန်ကြီးနှင့်သံအမတ်ကြီးတို့ လက်ဆောင် အပြန်အလှန် ပေးအပ်ကြစဉ် (ဆင်ဟွာ)

၎င်းက “ အဆိုပါ စီမံချက်အရ တရုတ်နိုင်ငံမှ ယွမ်ငွေ သိန်း တစ်ထောင် (သန်း တစ်ရာ) အသုံးပြုပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေမှာ ကျေးလက် ဆင်းရဲနွမ်းပါးမှု စီမံကိန်းတွေ ဖော် ဆောင်ပြီး အရှေ့ အာရှ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပူးပေါင်း ဆောင်ရွက်မှု စံပြဌာန ထူထောင်ရေးမှာ သက်ဆိုင်ရာ နိုင်ငံတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်၊ မြန်မာနိုင်ငံဟာ ဒီစီမံချက်ရဲ့ ပထမဆုံး အဆိုပြုတဲ့ နေရာ ဖြစ်ပါတယ်၊ လာမယ့် သုံးနှစ်ကာလအတွင်းမှာ ကျေးရွာ နှစ်ရွာ (မင်းပြင် ရွာ နဲ့ အေးချမ်းသာ ရွာ) မှာရှိတဲ့ အိမ်ထောင်စု ၁၄၀၀၊ လူဦးရေ ၇၈၀၀ ကျော်ကို ဒီစီမံကိန်းရဲ့ အကျိုး ကျေးဇူးတွေ ရရှိခံစားစေမှာ ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် လယ်ယာလုပ်ငန်း ဖွံ့ဖြိုးရေးနှင့် ကျေးလက် ဆင်းရဲမှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုအပေါ် များစွာ အလေးထားပါကြောင်း၊ မြန်မာနိုင်ငံမှာ ကျေးလက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်မှု စံပြ စီမံကိန်း ဖော်ဆောင်သည့်အပြင် မြန်မာနိုင်ငံနှင့်အတူ ကျေးလက် လမ်း တံတား တည်ဆောက်ခြင်း၊ လယ်ယာထွက်ကုန် အရည် အသွေး ထိန်းချုပ်ရေး စင်တာ၊ စပ်မျိုး စပါး သုတေသနစင်တာနှင့် တိရစ္ဆာန်ရောဂါ လက်တွေ့ စမ်းသပ် ခန်း စသည့် နှောင်ကြိုးမဲ့ စီမံကိန်း များစွာတို့ကို တွန်းအားပေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် မိမိတို့တွင် ရည်ရွယ်ချက် တစ်ခုသာ ရှိကြောင်း၊ မြန်မာနိုင်ငံအား ကူညီ၍ လယ်ယာလုပ်ငန်း ပိုမို လျင်မြန်စွာ တိုးတက်စေပြီး မြန်မာ ပြည်သူလူထု- အထူးသဖြင့် လယ်သမားများအတွက် အကျိုးစီးပွားများ ပိုမို ဆောင်ကြဉ်းပေးနိုင်ဖို့ပင် ဖြစ်ကြောင်းလည်း သံအမတ်ကြီးက ပြောခဲ့သည်။

စီမံကိန်းစံပြကျေးရွာ အေးချမ်းသာတွင် ဆိုင်းဘုတ်ဖွင့်ပွဲကျင်းပစဉ် (ဆင်ဟွာ)

ထို့နောက် အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာနိုင်ငံတို့တွင် Feasibility Study ဆောင်ရွက်ခဲ့မှု ဗီဒီယို ပြသကာ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေး စံပြ စီမံကိန်း၏ စီမံကိန်း အထိမ်းအမှတ် ဆိုင်းဘုတ်ကို အတူ ဖွင့်လှစ်ခဲ့ကြသည်။

စီမံကိန်းစံပြရွာအတွင်း လှည့်လည်ကြည့်ရှုကြစဉ် (ဆင်ဟွာ)

နေ့လယ်ပိုင်းတွင် အဆိုပါ စံပြ စီမံကိန်း ကျေးရွာ နှစ်ရွာအနက် တပ်ကုန်း မြို့နယ်ရှိ အေးချမ်းသာ ကျေးရွာသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ဦးဆောင်ကာ သွားရောက်ခဲ့ကြပြီး ကျေးရွာ စမ်းသပ်ရေတွင်းအပါအဝင် စီမံကိန်းအရ ဆောင်ရွက်ပေးမည့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။

စီမံကိန်းစံပြရွာအတွင်း လှည့်လည်ကြည့်ရှုကြစဉ် (ဆင်ဟွာ)

စီမံကိန်းစံပြရွာအတွင်း လှည့်လည်ကြည့်ရှုကြစဉ် (ဆင်ဟွာ)

စီမံကိန်းစံပြရွာအတွင်း လှည့်လည်ကြည့်ရှုကြစဉ် (ဆင်ဟွာ)

ဦးခန့်ဇော်က “ဒီစီမံကိန်းက Pilot Project ပါ၊ အစ ပါ၊ ဒါ အောင်မြင်တယ်ဆိုလို့ရှိရင် Regional မှာလည်း ပြလို့ရတယ်၊ နိုင်ငံအတွင်းမှာလည်း ပြလို့ရတယ်၊ ဒီပုံစံလေးတွေကို ကျွန်တော်တို့က Pull out လုပ်ပြမယ်၊ ဒီလိုလုပ်ရင် ဒီလို အောင်မြင်တယ်၊ ဒီလို ပုံစံနဲ့ လုပ်ဖို့လိုတယ်ဆိုတာကို ပြလို့ရတယ်၊ အခုရတဲ့ ပံ့ပိုးမှုက ယွမ် ၃၃ သန်းကျော်က — ဒေါ်လာ ငါးသန်း နီးပါးလောက်ရှိတယ်၊ အဲဒီငွေကို အခု ရွာ နှစ်ရွာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အညီအမျှ ခွဲပြီး သုံးတာမျိုး မဟုတ်ပါဘူး၊ တစ်ရွာနဲ့ တစ်ရွာ လိုအပ်ချက်တွေလည်း မတူကြဘူး၊ အေးချမ်းသာရွာမှာ လမ်းတွေ ရေတွင်းတွေ လိုပေမယ့် မင်းပြားရွာကျတော့ ချောင်းရေ တိုက်စားလို့ စာသင်ကျောင်းတောင် ပါတော့မယ့် အခြေအနေမျိုး ဖြစ်နေတယ်၊ ဒီတော့ ရွာ နှစ်ရွာရဲ့ ပကတိ လိုအပ်ချက်တွေအရ ရေရှည် တည်တံ့တဲ့ ပြုပြင်မှုတွေ ဆောင်ရွက်ပေးနိုင်အောင် အကောင်အထည်ဖော်ရေး ပူးတွဲ ကော်မတီတွေ ဖွဲ့ထားပါတယ်” ဟု ဆင်ဟွာကို ရှင်းပြခဲ့သည်။ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကျန်ရှိသည့် စီမံကိန်း စံပြရွာ ဖြစ်သော လယ်ဝေးမြို့နယ်ရှိ မင်းပြင်ရွာ သို့ သွားရောက် ကြည့်ရှုကြ မည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.