Connect with us

Social

မြန်မာနိုင်ငံမှ တက္ကသိုလ် ပါမောက္ခချုပ်များ ပါဝင်သည့် အဖွဲ့တရုတ်နိုင်ငံသို့မွမ်းမံ သင်တန်း တက်ရောက်ရန် ထွက်ခွာ

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံရုံး စီးပွားရေးနှင့်ကုန်သွယ်ရေး သံမှူး မစ္စတာ ရှဲ့ကော်ရှန်းနှင့် တက္ကသိုလ် ပါမောက္ခချုပ်များ ပါဝင်သည့် အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးဌာန)

ရန်ကုန် ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ တက္ကသိုလ် ပါမောက္ခချုပ်များ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၌ ကျင်းပ ပြုလုပ်သော Seminar 2016 for University Teachers from Developing Countries မွမ်းမံသင်တန်းသို့ တက်ရောက်ရန် ယနေ့ဇူလိုင်လ ၆ ရက်တွင် ထွက်ခွာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံရုံး စီးပွားရေးနှင့်ကုန်သွယ်ရေး သံမှူး မစ္စတာ ရှဲ့ကော်ရှန်း က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အပေါ် ကူညီမှုများတွင် တရုတ်ပြည်သို့ စေလွှတ်၍ မွမ်းမံသင်တန်းများ စီစဉ်ပေးခြင်းသည် အရေးပါသော ကဏ္ဍ ဖြစ်ပြီး မွမ်းမံ သင်တန်းများမှတဆင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အပါအဝင် အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ဖွံ့ဖြိုး တိုးတက်မှု အတွေ့အကြုံများ ဖလှယ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများကို လူ့စွမ်းအား အရင်းအမြစ် တည်ဆောက်ခြင်းတွင် တိုးမြှင့် ကူညီခဲ့ကြောင်း မြန်မာနိုင်ငံမှ သွားရောက်မည့် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယခုအချိန် ကာလသည် မြန်မာနိုင်ငံ၏ ပညာရေးစနစ် စတင်ပြောင်းလဲ နေသည့်အချိန်ကာလ ဖြစ်ကြောင်း၊ ယခုအကြိမ် မွမ်းမံ သင်တန်းမှတဆင့် တရုတ်ပြည်မှ ပညာရေးနှင့် ပတ်သက်သော အတွေ့အကြုံကောင်းများ ရရှိသည့်အပြင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲနေသော ပညာရေး စနစ်တွင် အထောက်အပံ့ကောင်းများ ရရှိမည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နေဝင်းဦးက ပြောခဲ့သည်။

ထိုမွမ်းမံ သင်တန်းကို တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ အဆင့်မြင့် ပညာရေး ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နေဝင်းဦး ၊ ရန်ကုန်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ အောင်ကျော် ၊ ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ မိမိကြီး ၊ ဗန်းမော် တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်တို့ ပါဝင်ကြောင်း သိရသည်။

ယခုနှစ်ပိုင်းတွင် မြန်မာနိုင်ငံမှ တရုတ်ပြည်သို့ သွားရောက်၍ မွမ်းမံသင်တန်း တက်ရောက်ရန် ရွေးချယ် စေလွှတ် ရာတွင် တက္ကသိုလ်၊ ကောလိပ်များနှင့် သုတေသီ အဖွဲ့အစည်းမှ ကျွမ်းကျင်ပညာရှင်များ တစ်နှစ်ထက် တစ်နှစ်ပို၍ များပြားလာပြီး ထိုအချက်သည် မြန်မာအစိုးရက ကျွမ်းကျင် ပညာရှင်များအပေါ် အလေးထားမှုကို ပေါ်လွင်စေကြောင်း ၊ တရုတ်နိုင်ငံသည် မြန်မာ နိုင်ငံ၏ တောင်းဆိုချက်အရ ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး စသည့် နယ်ပယ်များ အတွက် မွမ်းမံ သင်တန်းများအား အရှိန် အဟုန် မြှင့်တင် စီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်၌ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဌာနမှ ပညာရေး ဆိုင်ရာ အရာရှိများနှင့် နယ်ပယ် အသီးသီးမှ သင်ကြားရေး ဆရာ၊ ဆရာမ ဦးရေ ၆၀ ကျော်အတွက် တရုတ်ပြည်သို့ မွမ်းမံ သင်တန်း တက်ရောက်နိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။

ယခုနှစ်တွင် ပညာရေးနှင့် ပတ်သက်သော မွမ်းမံ သင်တန်းများတွင် မူလတန်းကြို ပညာရေး၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပညာရေး၊ အသက် မွေးဝမ်းကျောင်း ပညာရေး၊ အဆင့်မြင့် ပညာရေး၊ တရုတ်စာ သင်ကြားရေးနှင့် တရုတ် ယဉ်ကျေးမှု စသည့်နယ်ပယ်များ ပါဝင်ပြီး တရုတ်နိုင်ငံ၌ ကျင်းပ ပြုလုပ်သော မွမ်းမံ သင်တန်းများသို့ တက်ရောက်သူ ပိုမို များပြားလာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.