Connect with us

Social

မြန်မာပြည်သူများ မျက်စိ အလင်းရစေရန် တရုတ်မြန်မာနှစ်နိုင်ငံ ဖောင်ဒေးရှင်းများ ပူးပေါင်း ဆောင်ရွက်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) နှင့် မြန်မာနိုင်ငံ အလင်းရောင် ဖောင်ဒေးရှင်းတို့  ပူးပေါင်း ဆောင်ရွက်ရေး သတင်းစာရှင်းလင်းပွဲ (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) နှင့် မြန်မာနိုင်ငံ အလင်းရောင် ဖောင်ဒေးရှင်းတို့ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်အဖြစ် ယခု ၂၀၁၅ ခုနှစ် မျက်စိ အတွင်းတိမ် အခမဲ့ ခွဲစိတ် ကုသပေးခြင်းကို သြဂုတ်လ ၁၂ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်ရှိ မြို့တော် ဆေးခန်းတွင် ပြုလုပ်သွားမည်ဟု သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) မှ ဒုတိယ အတွင်းရေးမှူးချုပ် Mrs.Yu Xiao Xuan က ယခုကဲ့သို့လှုပ်ရှားမှုများမှ တဆင့် မြန်မာပြည်သူလူထု၏ စားဝတ် နေထိုင်မှု ပိုမို တိုးတက် လာစေရန် မျှော်လင့် ထားပါသည်။ မိမိတို့နှစ်နိုင်ငံသည် အင်မတန် နက်ရှိုင်းသည့် ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး ရှိပါသည်။ မိမိတို့သည် တတ်နိုင်သမျှ နှစ်ဦးနှစ်ဖက် ချစ်ကြည်စွာ ပူးပေါင်း ဆောင်ရွက်မှုကို ဆောင်ရွက်ပေးရန် မျှော်လင့်ပါသည်။ ဖောင်ဒေးရှင်း ဖွဲ့စည်းထဲက မြန်မာနိုင်ငံနှင့် အတူ ကုသိုလ်ဖြစ် ကူးလူး ဖလှယ်မှု လုပ်ငန်း ၊ နှစ်နိုင်ငံ ပြည်သူအကြား သိရှိနားလည်မှု ၊ ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ရန် အရေးကြီးသည့် လုပ်ငန်းများ အဖြစ် အမြဲတမ်း အားစိုက် ဆောင်ရွက်နေပါသည်ဟု ရှင်းလင်း ပြောကြားခဲ့သည်။

ယခု မျက်စိ အတွင်းတိမ် ခွဲစိတ်ကုသပေးမည့် အခြေအနေနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အလင်းရောင် ဖောင်ဒေးရှင်းမှ ဥက္ကဌ ဒေါက်တာ နေလင်းက လူနာများကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဆေးအဖွဲ့လာရောက် မခွဲစိတ်မီ ကြည်မြင့်တိုင် တဖက်ကမ်းရှိ စက်စမ်းကျေးရွာ ၊ မှော်ဘီတို့မှ လူနာများကို စုဆောင်း ထားရှိထား ပါသည်။ လူနာပေါင်း ၅၀၀ ခန့်ကို နှလုံး ၊ သွေးတိုး ၊ ဆီးချို ရှိ/မရှိ စစ်ဆေးပြီး ယင်းရောဂါ ကင်းစင်သူများကို စိစစ် ရွေးချယ်ပြီးမှ သင့်တော်မည့် လူနာများကို ရွေးချယ် ခွဲစိတ်ခြင်း ဖြစ်ပါသည်။ ယခုကဲ့သို့ မျက်စိ အတွင်းတိမ် ခွဲစိတ် ကုသခြင်းမှာ ကျန်းမာရေး ကဏ္ဍအနေဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။ ရှေ့ဆက်ပြီး ကျန်းမာရေး ကဏ္ဍအပြင် ပညာရေး ကဏ္ဍများတွင်လည်း ပူးပေါင်း ဆောင်ရွက်သွားရန် စီစဉ်ထား ပါကြောင်း ပြောကြားခဲ့သည်။

ယခုလေးကြိမ်မြောက် မျက်စိ အတွင်းတိမ် ခွဲစိတ် ကုသပေးခြင်းကို တရုတ်နိုင်ငံ ကူမင်းမြို့ပထမပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ပါမောက္ခ ဒေါက်တာ မီယန်းနှင့် အဖွဲ့မှ အတွင်းတိမ်လူနာ ၂၀၀ ဦးကို ခွဲစိတ် ကုသပေးရန် စီစဉ်ထားရှိပြီး ပြီးခဲ့သည့် သုံးကြိမ်မြောက်အတွင်း ခွဲစိတ်ကုသခံခဲ့သူများကိုလည်း ပြန်လည် စစ်ဆေးပေးသွားရန် ရှိကြောင်းသိရသည်။ နှစ်နိုင်ငံ ဖောင်ဒေးရှင်း ပူးပေါင်းဆောင်ရွက်ချက်အရ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ လူနာပေါင်း ၇၉၁ ဦးကို အခမဲ့ မျက်စိ အတွင်းတိမ် ခွဲစိတ်ကုသပေးခဲ့ပြီးကြောင်း သိရသည်။ (Xinhua)