Connect with us

Social

တရုတ်နိုင်ငံအစိုးရမှ ပေးအပ်လှူဒါန်းသော လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိ

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် ပေးပို့လှူဒါန်းသော ပထမအသုတ် လူသားချင်းစာနာထောက်ထားမှု ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန် ၁၂ ရက်၌ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai နှင့် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတို့မှ တာဝန်ရှိသူ များ လေဆိပ်၌ ကျင်းပပြုလုပ်သော လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဦးစိုးသိန်းက မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ဒေသများသို့ အကူအညီများ ပေးအပ်ခဲ့သည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ၊အိမ်နီးချင်းကောင်းစိတ်ဓာတ်ကို ပြသလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံမှ လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုပစ္စည်းများကို ရခိုင်ပြည်နယ်သို့ သင်္ဘောဖြင့် အမြန်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း၎င်းကဆိုသည်။
ယခုရောက်ရှိလာသော အကူအညီများသည် မြန်မာနိုင်ငံရှိ ဆိုင်ကလုန်းဘေးသင့်ဒေသများသို့ တရုတ်အစိုးရမှ လှူဒါန်းသည့် ခြင်ထောင်နှင့် စောင်များ အပါအဝင် လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ၏ ပထမအသုတ်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။

ထပ်မံရောက်ရှိမည့် အသုတ်တွင် အစားအသောက်၊ သောက်ရေ၊ မီးစက်၊ ရေသန့်စင်ပစ္စည်းများနှင့် အခြားမရှိမဖြစ်လိုအပ်သည့်ပစ္စည်းများ ပါ၀င်မည်ဖြစ်ကြောင်း၎င်းက ဆိုသည်။
တရုတ်နိုင်ငံအစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသာမက မြန်မာနိုင်ငံတွင်ရှိသော တရုတ်ကုမ္ပဏီလုပ်ငန်းများကလည်း မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် အတွက် အထောက်အပံ့ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပါကြောင်း၊ ထိုသို့ ကူညီလှူဒါန်းမှုသည် တရုတ်-မြန်မာဆက်ဆံရေး အေးအတူ ပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို ဖော်ပြလျက်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

ထို့ပြင် ပုဂံဒေသရှိ သဘာဝဘေးဒဏ်ခံရသော စေတီပုထိုးများ ပြန်လည်ပြုပြင်မွမ်းမံရာတွင် အသုံးပြုရန်အတွက် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ ယွမ်ငွေ ၁ သန်းကိုလည်း လှူဒါန်းထားကြောင်း၊တရုတ်နိုင်ငံ၏ အထက်ပါအစီအမံများသည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီဖေးမပေးသော တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ဖော်ပြလျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။မေ ၁၄ ရက်က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မိုခါကြောင့် မြန်မာနိုင်ငံတွင် လူ ၁၄၀ ကျော် သေဆုံးပြီး အိမ်ခြေ သောင်းနှင့်ချီ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။ (Xinhua)