Connect with us

Social

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကျောက်ဖြူဘိုးဘွားရိပ်သာသို့ ပစ္စည်းများ လှူဒါန်းပေးအပ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ရခိုင်ပြည်နယ် ကျောက်ဖြူဘိုးဘွားရိပ်သာသို့ အိမ်သုံးပစ္စည်းများ ပေးအပ်လှူဒါန်းစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ရခိုင်ပြည်နယ် ကျောက်ဖြူဘိုးဘွားရိပ်သာသို့ လှူဒါန်းပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အဆိုပါဘိုးဘွားရိပ်သာ၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ယနေ့သတင်းထုတ်ပြန်ချက်အရသိရသည်။အခမ်းအနားသို့ သံရုံးမှ နိုင်ငံရေးသံမှူး Ms. Qiao Li ၊ CITIC Myanmar ဒုတိယအထွေထွေမန်နေဂျာ Mr. Ma Chuanfu ၊ ကျောက်ဖြူဘိုးဘွားရိပ်သာ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌဦးငြိမ်းချမ်းမောင် နှင့် ဒေသခံ နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ၊ ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အိုများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ရခိုင်ပြည်နယ် ကျောက်ဖြူဘိုးဘွားရိပ်သာသို့ လှူဒါန်းပစ္စည်းများ လွှပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် တက်ရောက်လာကြသည့်သူများအားတွေ့ရစဉ် (ဆင်ဟွာ)

Ms. Qiao Li က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကျောက်ဖြူဘိုးဘွားရိပ်သာသို့ လူနေမှုပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြောင်း၊ ထိုသို့လှူဒါန်းရသည့်ရည်ရွယ်ချက်မှာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းအမွေဆက်ခံ၍ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ပြသပြီး ကျောက်ဖြူဒေသမှ သက်ကြီးရွယ်အိုများကိုလည်း တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှု ရလဒ်ကောင်းများ အတူမျှဝေနိုင်ရန် ဖြစ်ကြောင်း၊ CITIC Group စသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များသည် ဒေသတွင် အခြေချ၍ မြန်မာနိုင်ငံဘက်နှင့် ပူးပေါင်းဆောင်ရွက်ကာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဥယျာဉ် တည်ဆောက်မှုကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်း တည်ဆောက်ပြီးစီးပါက ရခိုင်ပြည်နယ်၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါစွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာပြည်သူတစ်ရပ်လုံးကို ဦးတည်သော မြန်မာနိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသောမူဝါဒကို လက်ကိုင်ဆွဲထားပြီး ပြည်သူလူထုဘဝ တိုးတက်ကောင်းမွန်စေရန် မြန်မာနိုင်ငံအား တက်တက်ကြွကြွကူညီပေးကြောင်း၊ မြန်မာ့လူမှုနယ်ပယ်အသီးသီးနှင့် ကူးလူးဆက်ဆံမှု၊ အထူးသဖြင့် အခြေခံအလွှာမှ ပြည်သူများနှင့် ကူးလူးဆက်ဆံမှုကို အလေးထားကြောင်း၊ ယခုအကြိမ် လှူဒါန်းကူညီမှုဖြင့် ဘိုးဘွားရိပ်သာ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ကြီးရွယ်အိုများ၏ ဘဝများကို ပိုမိုအဆင်ပြေလာစေမည်ဟု မျှော်လင့်ကြောင်း၊ သံရုံးသည် မြန်မာနိုင်ငံနှင့် ကူးလူးဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်၍ ပြည်သူလူထုဘဝနှင့် ချမ်းသာသုခများကို ကူညီမြှင့်တင်ပေးပြီး အေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားပါသည်။

Mr. Ma Chuanfu က ကျောက်ဖြူဘိုးဘွားရိပ်သာ တည်ဆောက်ပြီးစီး၍ လုပ်ငန်းလည်ပတ်မှုအတွင်း ဒေသခံ နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ၏ မေတ္တာတရားများနှင့် စေတနာ့ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုများ စုစည်းနေကြောင်း၊ သက်ကြီးရွယ်အိုများအတွက် ငွေကြေးနှင့် ပစ္စည်းများ လှူဒါန်းခြင်းသည် သက်ကြီးရွယ်အိုများကို ရိုသေလေးစားသည့် တရုတ်၊ မြန်မာနှစ်နိုင်ငံ၏ ကောင်းမွန်သောအစဉ်အလာကို အပြည့်အဝ ထင်ဟပ်နေကြောင်း၊ CITIC Consortium သည် ကျောက်ဖြူဒေသတွင် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်ခြင်း၊ ကမ်းခြေသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပစ္စည်းများ လှူဒါန်းပေးအပ်ခြင်း စသည်တို့ကို တက်ကြွစွာဆောင်ရွက်ခဲ့ရာ ကျောက်ဖြူဒေသခံပြည်သူများ၏ ကြိုဆိုအားပေးထောက်ခံမှုကို ရရှိခဲ့ကြောင်း၊ ဆက်လက်၍ ပရဟိတလုပ်ငန်းများ ပိုမိုဆောင်ရွက်၍ ဒေသခံပြည်သူများကို အကျိုးခံစားရစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဦးငြိမ်းချမ်းမောင်က စီမံခန့်ခွဲရေးကော်မတီကို ကိုယ်စားပြု၍ သံရုံး၏ လှူဒါန်းမှုအတွက် လေးလေးနက်နက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ အခက်အခဲကြုံချိန်များတွင် တရုတ်နိုင်ငံက ပြည်သူလူထုအတွက် အကူအညီများ စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးသည့်အတွက် ချီးကျူးပါကြောင်း၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သော ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဥယျာဉ် တည်ဆောက်မှုသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေကြောင်း၊ စီမံကိန်းကို အဆင်ပြေချောမွေ့စွာ ဆက်တိုက်မြှင့်တင်ဆောင်ရွက်နိုင်ပြီး ဒေသခံပြည်သူများကို အကျိုးပြုနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ကျောက်ဖြူဘိုးဘွားရိပ်သာမှ တာဝန်ခံ ဒေါ်တင်တင်အုန်းက ဘိုးဘွားရိပ်သာ၏ သမိုင်း၊ လက်ရှိလည်ပတ်မှုအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တို့ကို မိတ်ဆက်ပေးပြီး သံရုံး၏ လှူဒါန်းမှုအတွက် လေးလေးနက်နက် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံမှ ပံ့ပိုးကူညီမှုများ ဆက်လက်ပေးအပ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် လှူဒါန်းသည့်ပစ္စည်းများတွင် ကုတင်၊ ဗီရို၊ ရေခဲသေတ္တာ၊ ရေသေတ္တာ၊ ဘီးတပ်ကုလားထိုင် စသည်တို့ ပါဝင်ပါသည်။ အခမ်းအနားအပြီးတွင် သံမှူး Ms. Qiao Li နှင့်အဖွဲ့သည် ဘိုးဘွားရိပ်သာကို လေ့လာကြည့်ရှုကြပြီး သက်ကြီးရွယ်အိုများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.