Connect with us

Africa & Middle East

အယ်လ်ဂျီးရီးယား တောင်ပိုင်းတွင် ရေကြီးရေလျှံမှုများကြောင့် လူ ၅ ဦး သေဆုံး

ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်ကို တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

အယ်လ်ဂျီးရီးယား၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

အယ်လ်ဂျီးရီးယားနိုင်ငံ တောင်ပိုင်း ဆာဟာရ(Sahara)သဲကန္တာရတွင် ရှိသော Tamanrasset ပြည်နယ်တွင် သြဂုတ် ၄ ရက်က ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လူ ၅ ဦးသေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေကြောင်း အယ်လ်ဂျီးရီးယား မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

နေ့စဉ်ရက်ဆက်မိုးရွာသွန်းမှုများကြောင့် မာလီနိုင်ငံနှင့်ထိစပ်နေသည့် Tamanrassetပြည်နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ လူ ၅ ဦးသေဆုံးခဲ့သည့် အနက် ၂ ဦးမှာ ကလေးငယ်များ ဖြစ် ကြောင်း ၊ ကျန် ၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရ သည်။ ထို့အပြင် တောလမ်းမောင်းကားတစ်စီးသည် သြဂုတ် ၅ ရက်က ရေထဲ နစ်မြုပ်ပိတ်မိနေရာ ကားပေါ်ရှိ လူ ၃ ဦးအား ကယ်ဆယ်ခဲ့ရကြောင်းသိရသည်။

အယ်လ်ဂျီးရီးယား ပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၄ ရက်တွင် အခြားဌာနများနှင့်အတူ အထူး ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ရေဘေးသင့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။ယခုကာလများအတွင်း အယ်လ်ဂျီးရီးယား တောင်ပိုင်း သဲကန္တာရ ဒေသတွင် အစွန်းရောက်ရာသီဥတု ၏ ဒဏ်ကို ခံနေရရာ ဇူလိုင် လကုန်ပိုင်းတွင် အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်ကို နေ့စဉ်ရက်ဆက်ခံခဲ့ရပြီး သြဂုတ် လဆန်းပိုင်းတွင် မိုးကြီးရေလျှံမှုများ ထပ်မံခံစားခဲ့ရခြင်းဖြစ်သည်။ (Xinhua)