Connect with us

Africa & Middle East

ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်မှ လစ်ဗျား နိုင်ငံတွင် အမျိုးသား စည်းလုံး ညီညွတ်ရေး အစိုးရ အဖွဲ့ တည်ထောင်တော့မည် ဖြစ်ကြောင်း ကြေညာ

ကုလသမဂ္ဂ လစ်ဗျား နိုင်ငံ ထောက်ပံ့ရေး အဖွဲ့ တာဝန်ခံ Bernardino Leon က Skhirat မြို့၌ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်နေစဉ် (ဓာတ်ပုံ-UN)

စကီရတ် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ လစ်ဗျား နိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ၊ ကုလသမဂ္ဂ လစ်ဗျား နိုင်ငံ ထောက်ပံ့ရေး အဖွဲ့ တာဝန်ခံ Bernardino Leon က အောက်တိုဘာ ၈ ရက်နေ့ ညပိုင်းတွင် Skhirat မြို့တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး လစ်ဗျား နိုင်ငံတွင် Fayez Sarraj မှ ဝန်ကြီးချုပ် ရာထူး ကို တာဝန်ယူ မည့် အမျိုးသား စည်းလုံး ညီညွတ်ရေး အစိုးရ အဖွဲ့ တည်ထောင်တော့မည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။

Leon မှ ကုလသမဂ္ဂနှင့် သက်ဆိုင်ရာ ဌာန များမှ ၁ နှစ်ကြာ ကြိုးစား ဆောင်ရွက်မှုကြောင့် လစ်ဗျား အမျိုးသား စည်းလုံး ညီညွတ်ရေး အစိုးရ အဖွဲ့အား တည်ထောင် နိုင်တော့မည် ဖြစ်ကြောင်း ၊ Fayez Sarraj အပြင် ကုလသမဂ္ဂမှ အခြား ဒုတိယ ဝန်ကြီး ၃ ဦး နှင့် ထိပ်တန်း အရာရှိ ၂ ဦးကို လည်း အမည်စာရင်း တင်သွင်း ပေးကာ သမ္မတ ကော်မရှင် အဖွဲ့ ဖွဲ့စည်း စေမည် ဖြစ်ကြောင်း ၊ လစ်ဗျား နိုင်ငံ၏ အဓိက နိုင်ငံရေး ဆွေးနွေးမှု ပြုလုပ်သော အဖွဲ့အစည်း များဖြစ်သည့် ပြည်သူ့ ကိုယ်စားလှယ် အဖွဲ့နှင့် ပြည်သူ့လွှတ်တော် တို့မှ အစိုးရ အဖွဲ့အသစ်၏ အမည်စာရင်း ကို ယခု ရက်သတ္တပတ် အကုန်တွင် သဘောတူညီမှု ရရှိနိုင်ရန် မျှော်လင့် ထားကြောင်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ယခုနှစ် ဇူလိုင်လတွင် လစ်ဗျား နိုင်ငံရေး ဆွေးနွေးမှု အဖွဲ့အစည်း များသည် နိုင်ငံရေး သဘောတူညီမှု စာချုပ်ကို ချုပ်ဆို ခဲ့ကြသည်။ ထိုစာချုပ်တွင် လစ်ဗျား အမျိုးသား စည်းလုံး ညီညွှတ်ရေး အစိုးရ အဖွဲ့ ဖွဲ့စည်းရန် သဘောတူညီ ခဲ့ကြပြီး လက်နက်ကိုင် အဖွဲ့အားလုံးအား အစိုးရ အဖွဲ့သစ်မှ စုပေါင်း အုပ်ချုပ်သွားမည် ဖြစ်သည်။ သို့သော် လစ်ဗျား ပြည်သူ့ လွှတ်တော်မှ လက်မှတ် ပါဝင် ရေးထိုးခဲ့ခြင်း မရှိခဲ့ပါ။

၂၀၁၁ ခုနှစ်တွင် လစ်ဗျား နိုင်ငံ၌ ပြည်တွင်းစစ် ပြီးဆုံးခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံရေး အခြေအနေမှာ တည်ငြိမ်မှု မရှိခဲ့ပေ။ ၂၀၁၄ ခုနှစ် သြဂုတ်လ မှ စတင်၍ လစ်ဗျာ နိုင်ငံတွင် လွှတ်တော် နှစ်ခုနှင့် အစိုးရ အဖွဲ့ နှစ်ခု ဖြစ်လာခဲ့ပြီး နှစ်ဘက် အဖွဲ့၏ လက်နက်ကိုင် တပ်ဖွဲ့များသည်လည်း အဆက်မပြတ် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့သည်။ အကြမ်းဖက်အဖွဲ့နှင့် အစွန်းရောက် အဖွဲ့များသည်လည်း ဤ အခြေအနေကို အခွင့်ကောင်း ယူ၍ လစ်ဗျား နိုင်ငံတွင် အင်အား ချဲ့ထွင်ခြင်းများကို ဆောင်ရွက် ခဲ့ကြသည်။ (Xinhua)