Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ လာတာကီရာမြို့တွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၁၁ ဦးသေဆုံး

ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဒမက်စကက်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်သည့် လာတာကီရာမြို့တွင် ဇန်နဝါရီ ၅ရက်က ကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ဦးသေဆုံးခဲ့ပြီး အခြားလူ ၃၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းကဖော်ပြခဲ့သည်။

လာတာကီရာမြို့၏ ကျေးလက်ဒေသရှိ Jableh မြို့ရှိ အားကစားကွင်းအနီးတွင် အသေခံဗုံးခွဲသမားက ၎င်း၏ မော်တော်ယာဉ်အား ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သတင်း၌ဖော်ပြခဲ့သည်။

ယင်းပေါက်ကွဲမှုသည် Jableh မြို့၏ ပထမဆုံးပေါက်ကွဲမှုမဟုတ်ဘဲ လွန်ခဲ့သည့်နှစ် မေလကလည်း ဆေးရုံတစ်ခု နှင့် ဘတ်စ်ကားမှတ်တိုင်တစ်ခု တွင် ဗုံးပေါက်ကွဲမှု ၅ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၀၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံ၏ ခြောက်နှစ်ကြာပဋိပက္ခများအတွင်း အတည်ငြိမ်ဆုံးဖြစ်သည့် Tartus မြို့ နှင့် Jablehမြို့တို့ကို ဗုံးပေါက်ကွဲမှုများ ပထမဆုံးဦးတည်လာခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ခုနှစ် ဒီဇင်ဘာ ၃၀ရက် တွင် တူရကီနိုင်ငံ နှင့် ရုရှားနိုင်ငံတို့က အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်စေ့စပ်မှုများပြုလုပ်ခဲ့သည့်ကြားက ယခုနှစ် ဇန်နဝါရီ ၅ရက်တွင် ယင်းအသေခံဗုံးပေါက်ကွဲမှု ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပယ်သွားခြင်းအတွက် ဆီးရီးယားအစိုးရ နှင့် သူပုန်များက တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန် ပြစ်တင်စွပ်စွဲခဲ့ကြကြောင်း သိရသည်။ (Xinhua)