Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ မင်္ဂလာပွဲအခမ်းအနား အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ IS တို့လက်ချက်ဖြစ်ဟုဆို

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ ၌ မင်္ဂလာပွဲတစ်ခုအားအသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တွေ့ ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ)

လူပေါင်း ၆ဝ ကျော် သေဆုံးပြီး အခြားလူပေါင်း ၁၈ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည့် သြဂုတ် ၁၇ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ မင်္ဂလာပွဲတစ်ခုအား အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်(IS) အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့က ထုတ်ဖော်ပြောကြားလိုက်သည်ဟု ပြည်တွင်းမီဒီယာတစ်ခုက သြဂုတ် ၁၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။

“ အီရတ်အိုင်အက်စ်(IS) နဲ့ဆီးရီးယား(ISIS) အကြမ်းဖက်အုပ်စုဟာ ကဘူးလ်မြို့တော် အနောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ လူပေါင်းများစွာသေဆုံးခဲ့ရတဲ့ ဗုံးခွဲမှုမှာတာဝန်ရှိပါတယ်။ အာရပ်ဘာသာစကားနဲ့ထုတ်ပြန်တဲ့ကြေညာချက်တစ်စောင်မှာတော့ အသေခံဗုံးခွဲသမားဟာ Abu Asim Al-Pakistani လို့ဖော်ပြထားပါတယ်” ဟု Khaama သတင်းစာက ဖော်ပြခဲ့သည်။

သြဂုတ် ၁၇ ရက် ည ၁ဝ နာရီ ၄ဝ မိနစ်တွင်ဖြစ်ပွားခဲ့သည့် မင်္ဂလာဆောင်အခမ်းအနားတစ်ခုအား ပစ်မှတ်ထားဗုံးခွဲတိုက်ခိုက်မှုတွင် အနည်းဆုံး လူပေါင်း ၆၃ ဦးသေဆုံးပြီး အခြား ၁၈၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မျက်မြင်သက်သေများနှင့် အစိုးရတာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။

အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasrat Rahimi က ဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် ဧည့်ပရိသတ်များစွာတက်ရောက်ခဲ့သော လက်ထပ်မင်္ဂလာပွဲကျင်းပရာ ကဘူးလ်မြို့ရှိ Shahr-e Dubai ဟိုတယ် မင်္ဂလာခန်းမဆောင်၌ သြဂုတ် ၁၇ ရက် ည ၁ဝ နာရီ ၄ဝ မိနစ်တွင် ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။(Xinhua)