Connect with us

Africa & Middle East

တန်ဇန်းနီးယား တွင် သုံးနှစ်အရွယ်ကလေး တစ်ဦး ခြင်္သေ့အကိုက်ခံရ

တန်ဇန်းနီးယားနိုင်ငံရှိ ခြင်္သေ့တစ်ကောင်အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တန်ဇန်းနီးယား၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံ အနောက်တောင်ပိုင်း Songwe ဒေသတွင် လွန်ခဲ့သည့် သုံးရက်က သုံးနှစ်အရွယ်ကလေး တစ်ဦး ခြင်္သေ့အကိုက်ခံရပြီးနောက်ပိုင်း ရွာသားများသည် နေ့စဉ် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် နေထိုင်စားသောက်နေရကြောင်း အာဏာပိုင်များက သြဂုတ် ၁၈ ရက်တွင်ပြောကြားခဲ့သည်။

ဒေသခံရပ်ကွက်ကောင်စီဝင် တစ်ဦး ဖြစ်သူ ဒေါ်နယ် မာဂန်ဂါ က ယင်းဖြစ်ရပ်အား အတည်ပြုခဲ့ပြီး ၎င်းကြောင့် တန်ဇန်းနီးယား-ဇမ်ဘီးယား နယ်စပ် Tunduma ဒေသအနီးတစ်ဝိုက်ရှိ လူမှုစီးပွားရေး လုပ်ငန်းများ ကို အနှောင့်အယှက်ဖြစ်စေကြောင်း ပြောကြားခဲ့သည်။ ၎င်းက “ယခုလို အနီးအနားမှာ သားရိုင်းတိရစ္ဆာန်တစ်ကောင် ရှိနေတာကြောင့် Itizillo ရွာသားတွေဟာ နေ့စဉ် ထိတ်လန့်နေရပြီး သားရိုင်းတိစ္ဆာန်တွေဘယ်နေရာမှာ ပုန်းအောင်းနေလဲဆိုတာကို မသိတဲ့အတွက် ရွာသားတွေဟာ လယ်ကွင်းထဲဆင်းဖို့တောင် ကြောက်လန့်နေရကြပါတယ်” ဟုပြောကြားခဲ့သည်။ မာဂန်ဂါ က တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအရာရှိများအား ရွာသို့သွားရောက်ကာ ရွာသူ၊ရွာသားများ နေ့စဉ် လုပ်ငန်းများ ပုံမှန်လုပ်ဆောင်နိုင်စေရန် အတွက် ယင်းသားရိုင်းတိရစ္ဆာန်အား ရှာဖွေဖမ်းဆီးရန် ပြောကြား ထားကြောင်း သိရသည်။ ခြင်္သေ့အကိုက်ခံရမှုကြောင့် သေဆုံးသွားသည့် သုံးနှစ်အရွယ်ကလေးငယ်၏ ဖခင်ဖြစ်သူ မာဂျာလီဝါ နင်ချီလို က သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၂နာရီဝန်းကျင်လောက်တွင် ၎င်း၏ မြက်ခြောက်အိမ် အတွင်းသို့ ခြင်္သေ့တစ်ကောင် ရုတ်တရက်ဝင်ရောက်လာပြီးနောက် ယခုကဲ့သို့ဝမ်းနည်းဖွယ် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက “ခြင်္သေ့ဝင်လာတဲ့အချိန်မှာ ကျွန်တော်မရှိနေခဲ့ပါဘူး” ဟုပြောကြားခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူက အိမ်နီးချင်းများကို အော်ဟစ်အကူအညီတောင်းခဲ့သော်လည်း ခြင်္သေ့သည် ကလေးကိုကိုက်ချီပြီးတောထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြောင်း နှင့် နောက်တစ်နေ့တွင် ကလေးငယ်၏ ကိုယ်အင်္ဂါအစိတ်အပိုင်း အချို့ကို တောထဲ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း နင်ချီလို၏ ပြောကြားချက်အရ သိရသည်။ တန်ဇန်းနီးယားနိုင်ငံသားပေါင်း ၂၀၀ကျော်သည် ခြင်္သေ့၊ မိကျောင်း၊ ဆင်၊ ရေမြင်း နှင့် မြွေကိုက်ခံရမှုများကြောင့် နှစ်စဉ် သေဆုံးလျက်ရှိကြောင်း ခန့်မှန်းသိရှိရပြီး ခြင်္သေ့ကိုက်မှုကြောင့် သေဆုံးသူသည် အနည်းဆုံး လူ၇၀ဦး ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.