Connect with us

Africa & Middle East

နိုင်ငံတကာမှ ကြားဝင်ညှိနှိုင်းမှုများရှိနေသော်လည်း ပါလက်စတိုင်း နှင့် အစ္စရေးတို့ ဂါဇာဒေသတွင် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများ မြင့်တက်လျက်ရှိ


ဂါဇာ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား သွေးထွက်သံယို ပဋိပက္ခများ ကို ရှောင်ရှားပြီး ကာလရှည်ကြာပြီဖြစ်သော မြေပိုင်နက် သဘောတူညီချက် တစ်ခုကို ရရှိရန် ဒေသတွင်း နှင့် နိုင်ငံတကာမှ ကြိုးပမ်းအားထုတ်မှုများ ရှိနေသည့်ကြားက ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းနှင့် အစ္စရေး တို့၏ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။

လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ပါလက်စတိုင်းအုပ်စုများမှ အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်များဖြင့် တရစပ်ပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးတို့က ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုများစွာ နှင့် လက်နက်ကြီးဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့ရာ ပါလက်စတိုင်းလူမျိုးအများအပြား သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသည်။

အစ္စရေးနိုင်ငံက ဇူလိုင် ၂၅ရက်တွင် ဂါဇာ-အစ္စရေးနယ်စပ်တစ်လျှောက် ဗုံးကြဲချမှုတစ်ခုကြောင့် ဂါဇာကမ်းမြှောင်ဒေသကို အုပ်စိုးနေသည့် အစ္စလာမ်မစ်ဟားမားစ်အုပ်စု မှ စစ်သွေးကြွ ၃ဦး သေဆုံးခဲ့သည်။

နယ်စပ်ခြံစည်းရိုးရှိ အစ္စရေးစစ်တပ်၏ စခန်းတစ်ခုကို အစောပိုင်းက ဂါဇာကမ်းမြောင်ဒေသမှ စတင်ပစ်ခတ်မှုကြောင့် အစ္စရေးစစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ကို လက်တုံ့ပြန်သည့်အနေဖြင့် ယင်းသို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း အစ္စရေးဘက်က ခုခံပြောဆိုခဲ့သည်။

ဟားမားစ်အဖွဲ့၏ အုပ်စုခွဲတစ်ခုဖြစ်သော al-Qassam တပ်ခွဲ က အခြေအနေအားလုံးကို တပ်လှန့်ထားကြောင်း၊ ဖြစ်ပေါ်လာနိုင်ခြေရှိသည့် မည်သည့်လှုပ်ရှားမှုမျိုးကိုမဆို တုံ့ပြန်ဆောင်ရွက်ရန် အမြင့်ဆုံး အသင့်အနေအထား၌ ရှိနေရန်အတွက် ဂါဇာကမ်းမြောင်ဒေသရှိ လက်နက်ကိုင်အုပ်စုအားလုံးကို နှိုးဆော်ထားကြောင်း ပြောကြားခဲ့သည်။

၂၀၁၄ခုနှစ် နွေရာသီတွင် ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးတို့ဘက်က တိုက်ခိုက်မှုများ ပြုလုပ်ပြီးကတည်းက ဖြစ်ပွားခဲ့သည့် နှစ်ဖက်အုပ်စုအကြား အပြင်းထန်ဆုံးသော ပဋိပက္ခများအနက် တစ်ခု ဖြစ်သည့် ဇူလိုင် ၂၇ ရက် တိုက်ခိုက်မှုတွင် ဟားမားစ်စစ်သွေးကြွ ၃ဦးအပါအဝင် ပါလက်စတိုင်း ၄ဦးသေဆုံးပြီး အစ္စရေးစစ်သားတစ်ဦးလည်း သေဆုံးခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ နှင့် အစ္စရေးနိုင်ငံ နယ်စပ် တွင် ပါလက်စတိုင်းလူမျိုးများ၏ ဆန္ဒပြမှုများအားတွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ၊ ကာတာနိုင်ငံ နှင့် ကုလသမဂ္ဂအဖွဲ့အနေဖြင့် အစ္စရေးနိုင်ငံက ပိတ်ဆို့ကာရံထားသော ပါလက်စတိုင်း၌ တည်ငြိမ်မှုပြန်လည်ရရှိရန် ကြိုးပမ်းအားထုတ်လုပ်ဆောင်ကြရန်အတွက်လည်း ယင်းဖြစ်ရပ်များ က တွန်းအားပေးခဲ့သည်။

ဂါဇာအခြေစိုက် နိုင်ငံရေးကျွမ်းကျင်သူ Adnan Abu Amer က အစ္စရေး နှင့် ပါလက်စတိုင်း နှစ်ဖက်စလုံးသည် ရှေ့တန်းစစ်မျက်နှာဖွင့်၍ ထိပ်တိုက်ရင်ဆိုင်ရန် မလိုလားကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယင်းသို့ဖြစ်ပွားပါက နှစ်ဖက်စလုံးအတွက် ကုန်ကျစရိတ်အလွန်များပြားစေမည်ဖြစ်၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ၎င်းက ယခုလို ထိပ်တိုက်ရင်ဆိုင်မှု အသေးစားများ ထပ်ခါထပ်ခါဖြစ်ပွားနေခြင်းကြောင့် နောက်ဆုံးတွင် ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရန်အကြောင်းတရားသို့ ဦးတည်သွားနိုင်ပြီး ယင်းဆုံးဖြတ်ချက်သည် အမှန်တကယ် ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ခု ဖြစ်နိုင်သလို စစ်ရေးအရကြီးမားသော လှုပ်ရှားမှုတစ်ခု ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

၂၀၀၇ခုနှစ်မှ စတင်၍ ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ ပိတ်ဆို့ထားမှုများကို ပယ်ဖျက်ရန် တောင်းဆိုသည့် “Great March of Return” ဆန္ဒပြပွဲအား ပါလက်စတိုင်းတို့ဘက်မှ မတ် ၃၀ရက်တွင် စတင်လုပ်ဆောင်ခဲ့စဉ်ကတည်းက နှစ်ဖက်တင်းမာမှုများ မြင့်တက်လာခဲ့သည်။

သောကြာနေ့တိုင်း အပြင်းထန်ဆုံးဖြစ်သည့် ဆန္ဒပြပွဲများအတွင်း အစ္စရေးဘက်က ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၁၄၈ဦးခန့် သေဆုံးခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ယခင်ကတည်းက ရည်မှန်းချက်အောင်မြင်မှုမရနိုင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြိုကွဲပျက်စီးမှုကို ရှောင်ရှားရန် ဒေသတွင်း နှင့် နိုင်ငံတကာ က ဆွေးနွေးညှိနှိုင်းမှုများစွာ ပြုလုပ်ခဲ့ပြီး အစ္စရေး နှင့် ဟားမားစ်တို့အကြား ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် တစ်ခုကိုရရှိရန် ကြားဝင်ညှိနှိုင်း၍ ကြိုးပမ်းအားထုတ်ခဲ့ကြသည်။

သတင်းမီဒီယာများ ၌ ဖော်ပြချက်အရ အဆိုပါ သဘောတူညီချက်တွင် ဂါဇာကမ်းမြောင်ဒေသ၌ ဆိုးရွားနေသည့် အခြေအနေများ ကောင်းမွန်လာစေရန် အထူးသဖြင့် စီးပွားရေးနယ်ပယ်၌ တိုးတက်လာစေရန် အတွက် အစ္စရေးနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု အဆောက်အအုံများ နှင့် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပြန်လည်တည်ဆောက်ရေး ကိစ္စများပါဝင်နိုင်ခြေရှိကြောင်း သိရသည်။

သို့သော် ဂါဇာကမ်းမြောင်ဒေသတွင် မကြာသေးမီကဖြစ်ပွားခဲ့သော ကိစ္စရပ်များကို ကြည့်ရှုခြင်းဖြင့် အစ္စရေးနိုင်ငံက ယခင်ပိတ်ဆို့မှုများအပြင် အထူးသဖြင့် ကုန်ကြမ်းပစ္စည်းများ နှင့် ဆောက်လုပ်ရေးပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းများ တင်သွင်းခွင့်အပေါ် တင်းကျပ်သည့် တားမြစ်မှုများ ကိုလုပ်ဆောင်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု ပဋိပက္ခ ပြင်းထန်လာစေရန် ခြိမ်းခြောက်နေကြောင်း သိမြင်နိုင်သည်။

ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးဘက်သို့ မီးရှို့ထားသည့် စွန်များ နှင့် ဟီလီယံဓါတ်ငွေ့မိုးပျံပူပေါင်းများ လွှတ်တင်ခဲ့မှုကြောင့် အစ္စရေးပိုင်နက်အတွင်း မီးလောင်မှုကြီးများ နှင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်ကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ယင်းကဲ့သို့ တင်းကျပ်သည့် ပိတ်ဆို့တားမြစ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဂါဇာကမ်းမြှောင်ဒေသမှ နိုင်ငံရေးလေ့လာသုံးသပ်သူ နှင့် စာရေးဆရာတစ်ဦးဖြစ်သူ Hamza Abu Shanab က နှစ်ဘက်စလုံး၏ စစ်ရေးအရ အပြုအမူ သည် တင်းမာမှုများ ပြင်းထန်မှု (သို့) လျော့ကျသွားမှုတို့၏ အဓိက အဆုံးအဖြတ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက နှစ်ဖက်စလုံးသည် စစ်ပွဲအသစ်တစ်ခုအတွက် နိုင်ငံရေးမျှော်မှန်းချက် ပန်းတိုင်မရှိကြောင်း ထောက်ပြပြောဆိုခဲ့ပြီး အစ္စရေးနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံ နှင့် ထိစပ်နေသော ဂိုလန်ကုန်းမြင့် မြောက်ပိုင်း စစ်မျက်နှာပြင်တွင် ခြိမ်းခြောက်မှုများ တိုးမြင့်ရင်ဆိုင်လာရမှုကို အလေးထားနေရကြောင်း ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံ ၏ တင်းကျပ်သော ပိတ်ဆို့တားမြစ်မှုများသည် မရေမတွက်နိုင်သော အလုပ်လက်မဲ့ရာခိုင်နှုန်း နှင့်အတူ ဂါဇာကမ်းမြောင်ရှိ ပြည်သူ ၂သန်းကို ဆင်းရဲတွင်းထဲသို့ တွန်းပို့ခဲ့သည်။

လွန်ခဲ့သည့် ၉နှစ်တာကာလအတွင်း အစ္စရေး နှင့် ဟားမားစ်အုပ်စုတို့ အဓိက စစ်ပွဲ ၃ခု ဖြစ်ပွားခဲ့ပြီး ထောင်ပေါင်းများစွာသော ပါလက်စတိုင်းလူမျိုး နှင့် အစ္စရေးနိုင်ငံသားများ သေဆုံးခဲ့ကြကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.