Connect with us

Africa & Middle East

ပါကစ္စတန်တာလီဘန်ထိပ်တန်းတပ်မှူး အဇမ်တာရစ် အာဖဂန်၌ သေဆုံးသွားပြီဟု ယုံကြည်ရ

ပါကစ္စတန်တာလီဘန်ထိပ်တန်းတပ်မှူး Azam Tariq အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အစ္စလမ္မာဘတ် ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ပါကစ္စတန်လူမျိုး တာလီဘန်အကြမ်းဖက်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အေဇမ်တာရစ် (Azam Tariq) သည် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Paktika ပြည်နယ်အတွင်း သေဆုံးသွားပြီဟု ယုံကြည်ရကြောင်း အကြမ်းဖက်အဖွဲ့နှင့်ဆက်နွယ်မှုရှိသည့် သတင်းအရင်းအမြစ်များက စက်တင်ဘာလ ၂၅ ရက်တွင် အတည်ပြုပြောကြားသည်။

တာရစ်နှင့်အတူ တာလီဘန်တပ်ဖွဲ့ဝင် လေးဦးကို အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၄ ရက် ညပိုင်းက ပြုလုပ်သော စစ်ဆင်ရေးအတွင်း သုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်ပြည်တွင်းသတင်းသမားများအား သတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။ အချို့သတင်းအရင်းအမြစ်များက သေဆုံးသူများထဲတွင် တာရစ်၏ သားဖြစ်သူလည်း ပါဝင်ကြောင်း ဆိုထားသည်။
အဆိုပါ သေဆုံးသွားသော ပါကစ္စတန်တာလီဘန်တပ်မှူးသည် ယခင်က Tehrik-e-Taliban Pakistan အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ထို့ပြင် ထိပ်တန်းတပ်မှူး Khan Sayed alias Sajna ဦးဆောင်သော တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အဖြစ်လည်းတာဝန်ယူခဲ့ကြောင်း သိရသည်။
ပါကစ္စတန်နိုင်ငံအတွင်း အခြေချလှုပ်ရှားနေသည့် တာလီဘန်အဖွဲ့လက်အောက်ခံ Sajna လက်နက်ကိုင် အုပ်စုသည် အာဖဂန်နစ္စတန်ပိုင်နက်ထဲသို့ဝင်ရောက်၍ ဝါဇိရစ္စတန်(Waziristan) ဒေသ၌ စစ်ရေးလှုပ်ရှားမှုများပြုလုပ်ကြကြောင်း ပါကစ္စတန်လုံခြုံရေးအရာရှိများက ယုံကြည်နေကြသည်။
ပြီးခဲ့သောလက အမေရိကန်လေတပ်၏ မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုဖြင့် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ထိပ်တန်းခေါင်းဆောင် Hafiz Saeed Khan သည် သေဆုံးသွားကြောင်း အမေရိကန် နှင့် အာဖဂန်အစိုးရ အရာရှိများက အတည်ပြုပြောကြားခဲ့သည်။ Khan သည် ယခင်က ပါကစ္စတန်တာလီဘန်ခေါင်းဆောင်တစ်ဦးအဖြစ် လှုပ်ရှားခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်နိုင်ငံများတွင် လှုပ်ရှားနေသည့် အိုင်အက်စ်အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.