Connect with us

Africa & Middle East

ဗြိတိန်နိုင်ငံ သည် အီရန်နိုင်ငံ၌ ပထမဆုံးအဖြစ် သံအမတ်ကြီး ပြန်လည်ခန့်အပ်

အီရန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Nicholas Hoptonအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံသည် ၂၀၁၁ခုနှစ်မှ လက်ရှိ ၂၀၁၆ခုနှစ် အတွင်း ပထမဆုံးအဖြစ် အီရန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ခန့်အပ်ခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ပျော့ပျောင်းလာသည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ စက်တင်ဘာ ၅ ရက်နေ့ထုတ်ပြန်ချက်အရ တီဟီရန်မြို့ရှိ ယာယီသံရုံးတာဝန်ခံ Nicholas Hopton အား သံအမတ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခဲ့ကြောင်း သိရသည်။
ထုတ်ပြန်ချက်၌ တီဟီရန်မြို့၌ ဗြိတိန်သံရုံးပြန်လည် ဖွင့်လှစ်ပြီးနောက် ယခုလို သံအမတ်ကြီး အဆင့် ပြန်လည်ထားရှိခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ရှေ့ဆက်ဆောင်ရွက်ရန် အရေးကြီးသည့် ဆောင်ရွက်ချက်တစ်ခုဖြစ်ကြောင်း ပါရှိသည်။
“သံတမန် ဆက်ဆံရေး မြှင့်တင်လိုက်ခြင်းဖြင့် ကောင်စစ်ကဏ္ဍအပါအဝင် အရေးကိစ္စအသီးသီးနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေ ပိုမိုတိုးတက်လာစေဖို့ အခွင့်အလမ်းတွေ ရရှိလာမှာပါ” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ကပြောကြားခဲ့သည်။
၎င်းက ယခု လုပ်ဆောင်ချက်သည် ဗြိတိန်နှင့် အီရန်အကြား နျူကလီးယား သဘောတူညီချက် အကောင်အထည်ဖော်မှု နှင့် ကုန်သွယ်ရေးအရဆက်ဆံမှုများ ပိုမိုတိုးချဲ့ခြင်း ဆိုင်ရာ ကိစ္စရပ်များ အတွက် အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုများ၏ အစပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Hopton သည် ယီမင်နိုင်ငံတွင် ဗြိတိန် သံအမတ်အဖြစ် တာဝန်မထမ်းဆောင်ခင် ပဲရစ်မြို့၊ ရောမမြို့နှင့် ရာဘတ်မြို့များ ရှိ ဗြိတိန်သံရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
အီရန်နိုင်ငံကို ဗြိတိန်နိုင်ငံက တားဆီးပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့် ၂၀၁၀ပြည့်လွန်အစောပိုင်းနှစ်များ မှ စ၍ ဗြိတိန်နှင့် အီရန် နှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်းလာခဲ့ပြီး ၂၀၁၄ခုနှစ်တွင် နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေးကို အပြည့်အဝ ပြန်လည်တည်ဆောက်ရန် သဘောတူခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.