Connect with us

Africa & Middle East

ဘဂ္ဂဒက်မြို့၌ နှစ်သစ်ကူးညတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ၃ဝ ဦးသေဆုံး

ဘဂ္ဂဒက်မြို့ ၌ နှစ်သစ်ကူးညတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအား မြင်တွေ့ ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒတ် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)
အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်၌ ဒီဇင်ဘာလ ၃၁ ရက်ညပိုင်းက နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲကျင်းပနေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စုစုပေါင်း သေဆုံးသူ ၃ဝ ဦး နှင့် ဒဏ်ရာရရှိသူ ၅၉ ဦးထိ ရှိခဲ့ကြောင်း သိရသည်။

ဘဂ္ဂဒက်မြို့လယ်ရှိ ကားအပိုပစ္စည်းများရောင်းချသော Sinak ဈေးကြီးအား အသေခံဗုံးခွဲသမားနှစ်ဦးက ဇန်နဝါရီလ ၁ ရက် နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၈ ဦးသေဆုံးပြီး ၄၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အီရတ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ သတင်းအရင်းအမြစ်တစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အကြမ်းဖက်သမားများက ထုတ်ဖော်ကြေညာခဲ့ပြီး အီရတ်နိုင်ငံထဲရှိ ဗလီများ၊ ကဖီဆိုင်များ ၊ ဈေးများ အပါအဝင် လူစုလူဝေးရှိသော နေရာများကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဟု အိုင်အက်စ်တို့က ဆက်လက်ပြောကြားခဲ့သည်။

အခြားတိုက်ခိုက်မှုတစ်ခုမှာ ဘဂ္ဂဒက်မြို့အနီး al-Jadida မြို့ရှိ ယာဉ်ထိန်းရဲရုံးတစ်ခုကို အကြမ်းဖက်သမားများက ဒီဇင်ဘာလ ၃၁ ရက် ညနေ နေဝင်လုနီးချိန်တွင် တိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းအရင်းအမြစ်က ဆိုသည်။

ယင်းနေ့ညနေပိုင်းက ဘဂ္ဂဒက်မြို့အနောက်မြောက်ပိုင်းရှိ Shulla မြို့တွင် လမ်းဘေးဗုံး ၅ လုံးပေါက်ကွဲခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး အခြား ၇ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း အဆိုပါသတင်းအရင်းအမြစ်က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။
အီရတ်နိုင်ငံ၌ နိုဝင်ဘာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ၊ ပဋိပက္ခဖြစ်မှု နှင့် ပစ်ခတ်မှုများကြောင့် လူပေါင်း ၂၈၈၅ ဦးသေဆုံးခဲ့ပြီး ၁၃၈၀ ဦး ထိခိုက်ဒဏ်ရာခဲ့ကြောင်း အီရတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂထောက်ပံ့ရေး အစီအစဉ်က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.