Connect with us

Africa & Middle East

မိုဂါဒစ်ရှူးရှိ နာမည်ကြီးဟိုတယ် တိုက်ခိုက်ခံရ ၊ အနည်းဆုံး လူ ၈ ဦးသေဆုံးပြီး၂၈ ဦး ဒဏ်ရာရ

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့ရှိ ဟိုတယ်တစ်လုံးတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရသူများအား ဆေးရုံသို့ပို့ဆောင်ပေးနေစဉ် (ဆင်ဟွာ)

မိုဂါဒစ်ရှူး ၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ)

ဆိုမာလီယာ နိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ နာမည်ကြီး ဟိုတယ်တစ်လုံးအား အကြမ်းဖက်သမားများက ကားဗုံးဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်သူ သုံးဦး အပါအဝင် အနည်းဆုံး လူ ပေါင်း ၈ ဦး သေဆုံးပြီး အခြား ၂၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

Liido ကမ်းခြေရှိ Elite ဟိုတယ်ထဲသို့ အကြမ်းဖက်သမားများက ကားဗုံးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊ သေဆုံးသူများထဲတွင် အရပ်သား ၄ ဦးအပါအဝင်  သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦး ပါဝင်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Ismael Mukhtar Omar က ဆိုသည်။

 

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့ရှိ ဟိုတယ်တစ်လုံးတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရသူများအား ဆေးရုံသို့ပို့ဆောင်ပေးနေစဉ် (ဆင်ဟွာ)

“ လက်ရှိအချိန်ထိ တိုက်ခိုက်မှုထဲမှာ အစိုးရအရာရှိကြီးတစ်ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးသွားတယ်ဆိုတာကို အတည်ပြုနိုင်ပါတယ် ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် Al-Shabab တိုက်ခိုက်ရေးသမား နှစ်ဦးလည်း သေဆုံးသွားပါတယ် ၊ ဗုံးသယ်ဆောင်လာတဲ့ ကားကို မောင်းပေးတဲ့ Al-Shabab တစ်ယောက်လည်း  ကားထဲမှာပဲ သေဆုံးသွားပါတယ်” ဟု Omar က ဆင်ဟွာသို့ ဖုန်းဖြင့် အတည်ပြုပြောကြားခဲ့သည်။

တိုက်ခိုက်သူများသည် Elite ဟိုတယ်အပြင်ဘက်တွင် ကားဗုံးတပ်ဆင် ထားခဲ့ပြီးနောက် ဟိုတယ်ထဲသို့ပြေးဝင်လာခဲ့ကြောင်း ၊ ယင်းဟိုတယ်သည်  ကမ်းခြေ၌ တည်ဆောက်ထားသည့် ဟိုတယ်အသစ်တစ်လုံးဖြစ်ပြီး လူငယ်များ နှင့် မြို့တော်ရှိ လူကုန်ထံများ မပြတ်လာရောက် ပျော်ပါးသည့် ဟိုတယ်တစ်လုံးဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်သူများသည် ဟိုတယ်၏ ငါးလွှာတွင် ပုန်းအောင်းနေခဲ့ကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြေညီထပ်မှ ဖြတ်ကျော်ဝင်ရောက်၍ ထိန်းသိမ်းခဲ့ရကြောင်း  Omar ကဆိုသည်။

သတင်းအရင်းအမြစ်များ၏ အဆိုအရ လက်ရှိချိန်ထိ (သတင်းရေးသားနေသည့်အချိန်ထိ) ဟိုတယ်ထဲတွင် သေနတ်သမားတစ်ဦး ဆက်လက် ပုန်းခိုနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသေးသော်လည်း al-Qaida အဖွဲ့နှင့်မဟာမိတ်ပြုထားသော Al-Shabab အကြမ်းဖက်အဖွဲ့သည် ယခင်က အလားတူ တိုက်ခိုက်မှုမျိုး ကျူးလွန်ခဲ့ဖူးကြောင်း သိရသည်။(Xinhua)