Connect with us

Africa & Middle East

လွတ်လပ်ရေးနေ့မတိုင်မီ အာဖဂန်နစ္စတန်မြို့တော် ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ကင်းလှည့်နေသော လုံခြုံရေး စစ်ကားတစ်စီးအား မတ် ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ၏ ၁၀၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရန် နိုင်ငံအတွင်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေစဉ်  ယနေ့ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် ကဘူးလ်မြို့တော်ရှိ သံတမန်ရပ်ကွက်တစ်ခုမှာ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လူ အသေအပျောက်များရှိနိုင်ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

“ မနက် ၉ နာရီခွဲလောက်မှာ အမှတ် ၈ နဲ့အမှတ် ၁၇ ရဲတပ်ရင်းနယ်မြေဖက်က  ဆီဒင်ကားနှစ်စီးပေါ်ကနေ ကဘူးလ်မြို့ထဲကို ဒုံးကျည်တွေနဲ့ လှမ်းပစ်တာပါ ၊ အသေးစိတ်အချက်အလက်တွေကိုတော့ မီဒီယာတွေကို ဒီနေ့နှောင်းပိုင်းမှာ အသိပေးသွားမှာဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ Tareq Arain က တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ဒုံးကျည်များ ထိမှန် ပေါက်ကွဲခဲ့ခြင်းကြောင့် ကားအစီးပေါင်းများစွာ ထိခိုက်ပျက်စီးသွားပုံကို ပြည်တွင်း ရုပ်သံက ဖော်ပြခဲ့ပြီး ကနဦးသတင်းများအရ ဒဏ်ရာရရှိသွားသော အနည်းဆုံးအရပ်သား သုံးဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“ နိုင်ငံခြားသံရုံးတွေနဲ့ အစိုးရအဖွဲ့ရုံးတွေ အများကြီး တည်ရှိနေတဲ့ Wazir Akbar Khan ရပ်ကွက်ထဲက အမှတ် ၁၅ လမ်းမပေါ်မှာ ကြီးမားတဲ့ ပေါက်ကွဲသံတစ်ခုကြားခဲ့ရတယ် ၊ အဲဒီရပ်ကွက်တစ်ခုလုံးကို အခုတော့ ပိတ်ထားတယ်” ဟု မျက်မြင်သက်သေတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ပေါက်ကွဲမှုများမှ ထွက်ပေါ်လာသော မီးခိုးလှုံးကြီးများနှင့် ပြာမှုန့်များကို ကောင်းကင်အနှံ့တွင်တွေ့မြင်ခဲ့ရကြောင်း နှင့် ထိန့်လန် တုန်လှုပ်စရာကောင်းကြောင်း သတင်းများက ဆိုသည်။တိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ ၎င်းတို့၏ လက်ချကဖြစ်ကြောင်းကို ယခုအချိန်ထိ ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပေ။(Xinhua)