Connect with us

Africa & Middle East

ယီမင်နိုင်ငံက ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု အဆိုးဝါးဆုံးအခြေအနေနှင့် ရင်ဆိုင်နေရ

ယီမင်နိုင်ငံရှိ ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရသော ကလေးငယ်တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံသည် လူဦးရေ ၈ သန်းခန့် ငတ်မွတ်ခေါင်းပါးမှု ချောက်ကမ်းပါးစွန်းသို့ ရောက်ရှိခြင်းနှင့်အတူ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု အဆိုးဝါးဆုံးအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အောက်တိုဘာလ ၁၆ ရက်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခုအခြေအနေအတိုင်း ဆက်ရှိနေပါက နောက်ထပ် လူဦးရေ ၃.၅ သန်းက နေ့စဉ် အစားအစာ ထောက်ပံ့ရန် လိုအပ်မှုရှိနိုင်ကြောင်း WFP ပြောခွင့်ရပုဂ္ဂိုလ် Herve Verhoosel က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“လူ ၅၇၀,၀၀၀ ဦးက ဇွန်လကတည်းက Hudaydah ကို ထွက်ပြေးသွားခဲ့တယ်။ ငွေဈေးကလည်း ထိုးကျသွားပြီး အစားအစာဝယ်ယူမှုစရိတ်က တစ်နှစ်အတွင်း သုံးပုံတစ်ပုံ မြင့်တက်လာတယ်” ဟု ၎င်းက ပြောခဲ့သည်။

၂၀၁၇ ခုနှစ်ကစ၍ လုံခြုံရေးအခြေအနေ ခက်ခဲမှု၊ ဝင်ရောက်ရာလမ်းကြောင်း ကန့်သတ်မှုနှင့် မကြာခဏတိုက်ခိုက်မှုများ ရှိနေသည့်ကြားမှ WFP အနေဖြင့် ယီမင်နိုင်ငံသို့ ကူညီထောက်ပံ့မှုများ ၂၅ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ကြောင်း၊ တစ်လလျှင် လူဦးရေ ၈ သန်းထံသို့ အစားအစာကူညီမှုများ ပေးခဲ့ကြောင်း သိရသည်။

၎င်း၏ အဆိုအရ အစားအစာသယ်ဆောင်လာသည့် လှေများစွာမှာ ဆိပ်ကမ်းများသို့ ရောက်ရှိနေကြောင်း၊ သို့သော် လူ ၃.၇ သန်းကျော်အတွက် တစ်လစာ ကျွေးမွေးနိုင်သည့် ဂျုံစေ့ ၅၁၀၀၀ တန်မှာ ပင်လယ်နီအတွင်းရှိ သိုလှောင်ရုံများ၌ သိမ်းထားရကြောင်း၊ နိုင်ငံအတွင်းသို့သွင်းရန် ပိတ်ထားခံရဆဲဖြစ်ကြောင်း သိရသည်။

သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် Verhoosel က လက်ရှိအခြေအနေမှာ အကြောင်းအရာတစ်ခုတည်းကြောင့် ဖြစ်ရသည့်အရေးကိစ္စမဟုတ်ကြောင်း၊ စီးပွားရေး၊ လုံခြုံရေးနှင့် ငွေကြေး ပြဿနာများ စုပေါင်းနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.