Connect with us

Africa & Middle East

အအေးဒဏ် အံတုရင်း ကွင်းပြင်ကျယ်၌ စာသင်ရသော ယီမင်ကလေးငယ်များ

စာသင်ခန်းမရှိ၍ ကွင်းပြင်၌ စာသင်နေရသော ယီမင်ကျောင်းသားများအားတွေ့ရစဉ်(ဆင်ဟွာ)

ဆန်နာ ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံ မြို့တော်ဆန်နာမြို့ မြောက်ဘက် အစွန်အဖျားရှိ Al-Rahabah ဒေသတွင် စာသင်ကျောင်းပျက်စီးယိုယွင်းနေသဖြင့် အမိုးအကာမရှိသော ကွင်းပြင်ကျယ်၌ မူလတန်းကျောင်းသား ၄၀၀ ခန့် သည် ခိုက်ခိုက်တုန်အောင် ချမ်းအေးသော ဆောင်းရာသီဒဏ်ကို အံတုရင်း စာသင်နေကြရသည်။

“ အအေးဒဏ်ကို ကာကွယ်ဖို့ ကျွန်တော်တို့မှာ အနွေးထည်လည်း မရှိပါဘူး။ ဒါပေမယ့် အဲဒီလို အတားအဆီးတွေရှိနေလင့်ကစား ကျွန်တော်တို့ ပညာကို ဆက်သင်ရမှာပါ ” ဟု Yahya Mathkour မူလတန်းကျောင်းမှ အသက် ၈ နှစ်ရွယ် ကျောင်းသား မိန်းအဗ္ဗဒူလာဘ် Maeen Abdulrab က ဆင်ဟွာသို့ပြောသည်။

အဗ္ဗဒူလာဘ်ကဲ့သို့ အခြားကျောင်းသားများစွာသည်လည်း စာသင်ကျောင်းရောက်ရန် နေ့စဉ် နံနက်တိုင်း ခရီးဝေးမိုင်များစွာ လမ်းလျှောက်လာကြရသည်။ အဆိုပါကျောင်းမှ ကျောင်းသားများစွာသည် အလွန်ဆင်းရဲနုံချာသောကြောင့် ဖိနပ်တစ်ရံပင် မပိုင်ဆိုင်ကြသဖြင့် ခြေဗလာဖြင့်ပင် လမ်းလျှောက်ကြရသည်။

၅ နှစ်နီးပါးကြာဖြစ်ပွားခဲ့သော ပြည်တွင်းစစ်သည် ယီမင်နိုင်ငံ၏ ပညာရေးစနစ်ကို ဖျက်ဆီးခဲ့ပြီး နိုင်ငံအတွင်းရှိ ကျောင်းနေအရွယ်ကလေးငယ် ၂ သန်းကျော်ကို ကျောင်းဆက်မတက်နိုင်အောင် ဖြစ်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဆရာဆရာမများလုပ်ခ လစာမရရှိသောကြောင့် အခြားသော ကျောင်းသားကျောင်းသူ ၃ဒသမ၇ သန်းမှာလည်း စာဆက်သင်ကြားခွင့်ရရန် အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း UNICEF ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၄ ခုနှစ် နှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ကျောင်းအဆောက်အဦပြိုပျက်သွားသဖြင့် Yahya Mathkour ကျောင်းမှ ကျောင်းသားများသည် ကွင်းပြင်ကျယ်၌ ထွက်၍ စာသင်ကြား နေကြရသည်။ ထိုစဉ်က အီရန်အစိုးရ မဟာမိတ် ဟူသီသူပုန်များသည် ဆန်နာမြို့အားသိမ်းပိုက်လိုက်သဖြင့်  ဆော်ဒီအစိုးရ ကျောထောက်နောက်ခံပြုထားသော ယီမင်သမ္မတ Abd-Rabbu Mansour Hadi သည် နိုင်ငံမှ ထွက်ခွာ၍ ပြည်ပြေးအစိုးရ အဖြစ် ရပ်တည်ခဲ့ရသည်။

နိုင်ငံအတွင်းရှိ စာသင်ကျောင်းများစွာသည်လည်း လေကြောင်း တိုက်ခိုက်မှုများ နှင့် မြေပြင်စစ်ပွဲများကြောင့် ထိခိုက်ပျက်စီး ယိုယွင်းခဲ့သည်။ကျောင်းသား ထောင်ပေါင်းများစွာသည် အပျက်အစီးနံရံများအနီး အရိပ်အာဝါသကို အကာအကွယ်ပြု၍ (သို့မဟုတ်) ဗုံးဒဏ်သင့်ထားသော ၎င်းတို့၏ ကျောင်းဝင်းအတွင်း ဖြစ်သလို  ပညာသင်ကြား ကြရသည်။

အခြားကျောင်းသားတစ်ဦးဖြစ်သူ Hassan Mahdi က အမိုးအကာမရှိ ကွင်းပြင်ကျယ်၌ အအေးဒဏ်အောက်တွင်စာသင်ကြားနေရခြင်း နှင့် စာသင်ကျောင်းပျက် အခြေအနေများ အပေါ် စောဒကတက်ခဲ့သည်။

“ ကျွန်တော်တို့အအေးဒဏ်ခံရတယ်။ ပြီးတော့ ကျွန်တော်တို့မှာ အနွေးထည်လည်း မရှိဘူး” ဟု Mahdi က ဆိုသည်။ ဆရာများအတွက် စားပွဲရောကုလားထိုင်ပါ မရှိကြောင်းလည်း ၎င်းက ဆိုသည်။

“ ကျောင်းသားတွေရော ဆရာတွေရော အမိုးအကာမရှိစာသင်ကျောင်းမှာ အအေးဒဏ်ကို အလူးအလဲခံစားကြရတယ် ၊ သိပ်ကိုခက်ခဲတဲ့ ကာလပါပဲ” ဟု ကျောင်းဆရာတစ်ဦးဖြစ်သူ Taha Hussein က ပြောသည်။

ပဋိပက္ခကြောင့် ယီမင်နိုင်ငံအတွင်းရှိ စာသင်ကျောင်း ၅ ကျောင်းလျှင် ၁ ကျောင်းမှာ အသုံးပြု၍ မရနိုင်သော တိုက်ရိုက်အကျိုးဆက်ကို ခံစားရကြောင်း စက်တင်ဘာလတွင် ထုတ်ပြန်သော UNICEF ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။

“ ကျောင်းမနေရတဲ့ ကလေးတွေဟာ တိုက်ပွဲထဲကို အတင်းအကျပ်ဝင်ပါခိုင်းတာ ၊ ကလေးလုပ်သားအဖြစ် အခိုင်းခံရတာ နဲ့ စောစောစီးစီး လက်ထပ်ခိုင်းတာ စတဲ့ ပုံစံအမျိုးမျိုးနဲ့ အန္တရာယ်တွေကြုံတွေ့နေရတယ် ” ဟု ထုတ်ပြန်ချက်တွင် သတိပေးထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.