Connect with us

Africa & Middle East

အာဖဂန်နိုင်ငံ ကဘူးလ်မြို့ရှိ မင်္ဂလာခန်းမတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွား ၊ လူအများအပြားသေဆုံး

ကဘူးလ်မြို့ ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော မင်္ဂလာခန်းမဆောင်အား တွေ့ ရစဉ်(ဆင်ဟွာ)

ကဘူးလ်၊သြဂုတ် ၁၈ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ မင်္ဂလာခန်းမတစ်ခု၌ သြဂုတ် ၁၇ ရက်ညပိုင်းက ပြင်းထန်သောပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ လူပေါင်းများစွာ သေဆုံးခဲ့ရကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

အတည်မပြုနိုင်သည့် သတင်းများအရ သေဆုံးသူအရေအတွက်မှာ ၃ဝ ကျော်ရှိကြောင်း နှင့် ဒဏ်ရာရသူ ၉ဝ ကျော်ရှိကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုသည် ကဘူးလ်မြို့လယ်ရှိ Shahr-e-Dubai မင်္ဂလာခန်းမဆောင်၌ ဒေသစံတော်ချိန် ည ၁ဝ နာရီ ၄ဝ မိနစ်တွင်ဖြစ်ပွားခဲ့ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Nasrat Rahimit က Tolonews ပြည်တွင်းသတင်းဌာနသို့ပြောကြားခဲ့သည်။

အချင်းဖြစ်ပွားချိန်တွင် မင်္ဂလာခန်းမအတွင်း၌ လူ ဒါဇင်ပေါင်းများစွာ ရောက်ရှိနေကြောင်း နှင့် သေဆုံးသူ အရေအတွက်မှာ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း Tolonews သတင်းဌာနက ဆိုသည်။

အာဖဂန်ချစ်သူစုံတွဲတစ်တွဲ၏ လက်ထပ်မင်္ဂလာပွဲ ကျင်းပရာ အဆိုပါ မင်္ဂလာခန်းမသို့ ဧည့်ပရိသတ်များစွာ လာရောက်ခဲ့ကြောင်း နှင့် အခမ်းအနားကျင်းပနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။(Xinhua)