Connect with us

Africa & Middle East

အီဂျစ်နိုင်ငံရှိ ပိရမစ်များအနီး ဘတ်စ်ကားဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ဗီယက်နမ် ခရီးသွားဧည့်သည် ၂ ဦးသေဆုံး

အီဂျစ်နိုင်ငံ ဂီဇာ ပိရမစ်များအနီး မာရီယိုတီရာနယ်မြေတွင် ဗုံးဖောက်ခွဲခံရသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များအား တင်ဆောင်လာသောဘတ်စ်ကားအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ဂီဇာ ပိရမစ်များအနီး မာရီယိုတီရာနယ်မြေတွင် ဒီဇင်ဘာလ ၂၈ ရက်က နိုင်ငံခြားသားခရီးသွားဧည့်သည်များအား တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးအား လက်လုပ်ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ဗီယက်နမ်နိုင်ငံသား ခရီးသွား ၂ ဦးသေဆုံးခဲ့ကြောင်း အီဂျစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မြို့တော် ကိုင်ရိုအစွန်အဖျားရှိ ပိရမစ်များအနီး မာရီယိုတီရာနယ်မြေ၌ ဗီယက်နမ်ခရီးသွားဧည့်သည် ၁၄ ဦးအား တင်ဆောင်လာသော ခရီးသွားဘတ်စ်ကားတစ်စီးကို လမ်းဘေးလက်လုပ်ဗုံးတစ်လုံး ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက ကြေညာချက်တွင် ပြောကြားထားသည်။

အီဂျစ်နိုင်ငံ ဂီဇာ ပိရမစ်များအနီး မာရီယိုတီရာနယ်မြေတွင် ဗုံးပေါက်ကွဲသည့် ဘတ်စ်ကားအနီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ တိုက်ခိုက်မှုတွင် ဗီယက်နမ်ခရီးသွားဧည့်သည် ၁၀ ဦး၊ အီဂျစ်နိုင်ငံသား ယာဉ်မောင်းနှင့် ဧည့်လမ်းညွှန်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိသွားခဲ့ပြီး စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကြေညာချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

အီဂျစ်နိုင်ငံတွင် ကော့ပ်လူမျိုးစု အီဂျစ်နိုင်ငံသားများမှ ဇန်နဝါရီလ ၇ ရက်တွင် ပြုလုပ်မည့် နှစ်သစ်ကူးပွဲနှင့် ခရစ္စမတ်ပွဲများမတိုင်မီ ယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

လူဦးရေ သန်း ၁၀၀ ရှိသည့် အီဂျစ်နိုင်ငံတွင် ကော့ပ်လူမျိုးစုမှာ ၁၀ ရာခိုင်နှုန်းရှိသည်။

ယခုသီတင်းပတ်အတွင်း အီဂျစ်ရှိ စစ်တပ်သည် နိုင်ငံတစ်ဝန်း ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲများတွင် ဘေးကင်းလုံခြုံမှုရှိစေရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

ဝတ်ပြုကိုးကွယ်ခြင်းနှင့် မရှိမဖြစ် အဆောက်အအုံများတွင် ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအား တပ်ဖြန့်ထားကြောင်းနှင့် ပွဲတော်ရက်များအတွက် အနှောင့်အယှက်များဖြစ်ပေါ်လာပါက မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို တပ်ဖွဲ့ဝင်များအားလုံးကို လေ့ကျင့်ပေးထားကြောင်း သိရသည်။

အီဂျစ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော တိုက်ခိုက်မှုအများစုကို အိုင်အက်စ်အဖွဲ့သစ္စာခံ ဆိုင်းနိုင်းဒေသအခြေစိုက် အဖွဲ့တစ်ဖွဲ့မှ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း စွပ်စွဲထားသည်။ (Xinhua)