Connect with us

Africa & Middle East

အယ်ဂျီရီးယားတွင် လာမည့် ရက်သတ္တပတ်အတွင်း အိုပက် (OPEC) အစည်းအဝေး ကျင်းပမည်

OPEC သရုပ်ဖော် စာလုံးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒိုဟာ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ရေနံ တင်ပို့ ရောင်းချသည့် နိုင်ငံများ (OPEC) သည် ပုံမှန်မဟုတ်သည့် အစည်းအဝေး တစ်ရပ်အား အယ်ဂျီးရီယားနိုင်ငံတွင် စက်တင်ဘာလ ၂၈ ရက်၌ ကျင်းပရန် ရှိကြောင်း ကာတာနိုင်ငံ စွမ်းအင်ဝန်ကြီး မိုဟာမက် အယ်လ်-ဆာဒါက စက်တင်ဘာလ ၂၂ ရက်က ပြောကြားလိုက်သည်။

OPEC ၏ လက်ရှိ ဥက္ကဋ္ဌ ဖြစ်သူ အယ်လ်-ဆာဒါ၏ ပြောကြားချက်အား ကိုးကား၍ စွမ်းအင်နှင့် စက်မှုလက်မှု လုပ်ငန်း ဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် အဆိုပါ အစည်းအဝေးအား အပြည်ပြည်ဆိုင်ရာ စွမ်းအင် ဖိုရမ်နှင့် တွဲလျက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
OPEC အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများသည် အယ်ဂျီးရီးယားတွင် ယခုလအတွင်း တွေ့ဆုံမည့် အစည်းအဝေး၌ အကြံပေး ဆွေးနွေးမှု ပြုရန်သာ ဖြစ်ပြီး ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်ရန် မဟုတ်ကြောင်း OPEC ၏ အထွေထွေ အတွင်းရေးမှူး မိုဟာမက် ဘာ့ခ်ကင်ဒိုက ပြောသည်။
အဖွဲ့ဝင် အားလုံး သဘောတူညီချက် တစ်ခု ရရှိအောင် OPEC အနေဖြင့် ကြိုးစား လုပ်ဆောင်ရန်နှင့် အကယ်၍ အဖွဲ့ဝင် နိုင်ငံများ အားလုံး သဘောတူခဲ့ပါက အမှန်တကယ် ဆုံးဖြတ်ချက် တစ်ခု ချမှတ်ရန်အတွက် အရေးပေါ် အစည်းအဝေး ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဘာကင်ဒိုက ထောက်ပြခဲ့သည်။
အိုပက် အနေဖြင့် အဖွဲ့ဝင်များကြား တစ်နှစ်ကြာ ညှိနှိုင်းနေခဲ့သော သဘောတူညီချက် တစ်ရပ်ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ သို့သော် ထုတ်လုပ်မှု လျှော့ချရေး ကတိကဝတ်နှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဟု အတိအကျ ပြောကြားခြင်း မရှိပေ။
နှစ်နှစ် တစ်ကြိမ် ကျင်းပသည့် ဝန်ကြီး အဆင့် အစည်းအဝေး ဖြစ်သော ၁၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စွမ်းအင် ဖိုရမ်အား အယ်ဂျီးရီးယားနိုင်ငံတွင် စက်တင်ဘာလ ၂၆ ရက်မှ၂၈ ရက်အထိ ကျင်းပမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.