Connect with us

Asia

ဂျပန်နိုင်ငံက နျူကလီးယား စွန့်ပစ်ရေများကို ပင်လယ်ထဲသို့ လွှတ်ထုတ်ဖို့ ဆုံးဖြတ်ရန်ရှိ ၊ ဖူကူရှီးမား၏ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို သတိထားကိုင်တွယ်သင့်ဟုဆို

ဂျပန်နိုင်ငံ ဖူကူရှီးမားရှိ နျူကလီးယား ဓါတ်အားပေးစက်ရုံ၏ ညစ်ညမ်းရေဆိုးသိုလှောင်ကန်များအား ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား ကပ်ဘေးဖြစ်ပွားခဲ့သည်မှာ ၉ နှစ်ကျော်ကြာပြီဖြစ် သော်လည်း နျူကလီးယား ရေညစ်ညမ်းမှုအရေးကိစ္စကိုမဖြေရှင်းနိုင်သေးပေ။ ဂျပန်မီဒီယာများ၏သတင်းအရ ဖူကူရှီးမား အမှတ်(၁) နျူကလီးယား ဓါတ်အားပေးစက်ရုံရှိ သိုလှောင်ထိန်းသိမ်းထားသော နျူကလီးယားစွန့်ပစ်ရေဆိုးသည် ပြည့်လုနီးပါရှိပြီဖြစ်ရာ ဂျပန်နိုင်ငံအစိုးရက ပင်လယ်ထဲသို့ လွှတ်ထုတ်ရန် ယခုရက်ပိုင်းများတွင် စဉ်းစားလျက်ရှိကြောင်း သိရသည်။

နျူကလီးယား စွန့်ပစ်ရေ ပင်လယ်ထဲသို့ ရောက်ရှိပါက အနီးဝန်းကျင်ရှိ ပင်လယ်သမုဒ္ဒရာဂေဟစနစ်နှင့် ငါးလုပ်ငန်းအရင်းအမြစ်များအတွက် သက်ရောက်မှု များစွာ ရှိသောကြောင့် ထိုလုပ်ဆောင်ချက်က ဂျပန်နိုင်ငံ ပြည်တွင်းနှင့် ၎င်း၏အနီးဝန်းကျင် နိုင်ငံများကို စိုးရိမ်ပူပန်မှုများ ဖြစ်စေပါသည်။ သုံးသပ်လေ့လာသူအချို့က ဂျပန်နိုင်ငံအနေဖြင့် အနီးဝန်းကျင်နိုင်ငံများနှင့် အပြည့်အဝ ညှိနှိုင်းဆွေးနွေးမှုပေါ်တွင်အခြေခံ၍ ဂရုတစိုက် ဆုံးဖြတ်ရန် တိုက်တွန်းထားကြသည်။
 
(၁) သတင်းအချက်အလက်များ
ဂျပန်နိုင်ငံ Jiji Press သတင်းအေဂျင်စီ၏ သတင်းများအရ အောက်တိုဘာ ၁၆ရက် အစိုးရအဖွဲ့အစည်းအဝေးတွင် ဖူကူရှီးမား နျူကလီးယား စွန့်ပစ်ရေဆိုး စီမံမည့်ကိစ္စရပ်အား ဆွေးနွေးခဲ့ကြရာ လက်ရှိတွင် ပစိဖိတ်သမုဒ္ဒရာသို့ လွှတ်ထုတ်ရန် ယာယီသတ်မှတ်ထားပြီး ယခုလကုန်ပိုင်းမှာ ဆုံးဖြတ်ရန်ရှိကြောင်း သိရသည်။
ဂျပန်နိုင်ငံ ကုန်သွယ်စီးပွားနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Hiroshi Kajiyamက လက်ရှိအခြေအနေသည် ထပ်ပြီးအချိန်ဆွဲရန် အခွင့်မသာတော့ကြောင်း ဆိုသည်။
ဂျပန် ငါးလုပ်ငန်းကိုယ်စားလှယ်များက ဖူကူရှီးမား နျူကလီးယား ဓါတ်အားပေးစက်ရုံ၏ ရေဒီယိုဓါတ်ကြွရေများကို ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ လွှတ်ထုတ်ခြင်းမပြုရန် တိုက်တွန်းထားသည်။ ထိုသို့ စွန့်ပစ်ပါက ငါးလုပ်ငန်းအဖွဲ့၏ နှစ်ပေါင်းများစွာ ကြိုးပမ်းတည်ဆောက်ထားသည့် အမည်ဂုဏ်သတင်းကို ပျက်စီးစေလိမ့်မည်ဟု ဆိုသည်။
 
အောက်တိုဘာ ၈ ရက်တွင် ဂျပန်တစ်နိုင်ငံလုံးဆိုင်ရာ ငါးလုပ်ငန်း အသင်းချုပ် ဥက္ကဋ္ဌ Hiroshi Kishiက “စွန့်ပစ်ရေတွေကို ပင်လယ်ထဲ လွှတ်ထုတ်မယ့်ကိစ္စကို ကျွန်တော်တို့အနေနဲ့ အခိုင်အမာ ကန့်ကွက်ပါတယ်။ ဒါက ဂျပန်ငါးလုပ်ငန်းရဲ့ အနာဂတ်ကို ကပ်ဘေးအသွင် သက်ရောက်မှုရှိစေနိုင်တယ်”ဟု ဆိုသည်။ အစိုးရအနေဖြင့် စွန့်ပစ်ရေများကို ပင်လယ်အတွင်းသို့ လွှတ်ထုတ်လိုက်ပါက အခြားနိုင်ငံများကလည်း ဂျပန်ရေထွက်ကုန်ပစ္စည်း တင်သွင်းမှုကို တစ်ဆင့်တိုး ကန့်သတ်မှုတွေ ပြုလုပ်လိမ့်မည်ဟု ဆိုသည်။
တောင်ကိုရီးယားနိုင်ငံသည် ယခုနှစ်ပိုင်းများတွင် ဂျပန်နိုင်ငံ၏ဖူကူရှီးမား နျူကလီးယား ညစ်ညမ်းမှုအား မည်သို့ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်ကို အထူးအာရုံစိုက်လျက်ရှိကြောင်း အကြိမ်ပေါင်းများစွာ ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ထိုကိစ္စကို ရှင်းလင်းဖြေကြားပေးရန် တောင်ကိုရီးယားနိုင်ငံက ဂျပန်နိုင်ငံကို တောင်းဆိုခဲ့ပြီး နျူကလီးယား ညစ်ညမ်းမှုကြောင့် တိုကျို အိုလံပစ် အားကစားပွဲတွင် ပါဝင်သည့် အားကစားသမား၏ လုံခြုံရေး ထိခိုက်မည်ကို စိုးရမ်ကြောင်း ပြောကြားခဲ့သည်။
ဖူကူရှီးမား စွန့်ပစ်ရေ လွှတ်ထုတ်မှုကိစ္စနှင့် စပ်လျဉ်း၍ တောင်ကိုရီးယားအစိုးရက ဌာနဆိုင်ရာများအကြား တုန့်ပြန်ဆောင်ရွက်ရေး ယန္တရားကို စတင်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ဖြစ်ပွားလာမည့်အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

(၂) သုံးသပ်လေ့လာချက်များ
ဂျပန်အနေဖြင့် နျူကလီးယားညစ်ညမ်းရေများကို ပင်လယ်ထဲသို့ လွှတ်ထုတ်မည့် အစီအစဉ်သည် ဂျပန် တံငါသည်များနှင့် တောင်သူလယ်သမားများ၏ စားဝတ်နေရေးကို ထိခိုက်စေနိုင်သလို အနီးဝန်းကျင်နိုင်ငံများနှင့်ဆက်ဆံရေးသည်လည်း သက်ရောက်မှုရှိစေနိုင်ကြောင်း သုံးသပ်လေ့လာသူအချို့က ယူဆကြသည်။
ဖူကူရှီမား နျူကလီးယားကပ်ဘေး မတော်တဆ ဖြစ်ပွားပြီးနောက် နိုင်ငံနှင့်ဒေသအများစုက ဂျပန်၏လယ်ယာထွက်ကုန်ပစ္စည်းနှင့်ရေထွက်ကုန်ပစ္စည်း တင်သွင်းမှုကို ကန့်သတ်ခဲ့ကြသည်။ တောင်ကိုရီးယားနိုင်ငံ အစိုးရက ၂၀၁၃ ခုနှစ်မှစ၍ ဖူကူရှီးမား စသည့် စီရင်စု ၈ ခု၏ ရေထွက်ကုန်ပစ္စည်း တင်သွင်းမှုကို တားမြစ်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဧပြီလတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ဂျပန်-တောင်ကိုရီးယား ရေထွက်ကုန် တင်သွင်းမှုဆိုင်ရာအငြင်းပွားမှု နောက်ဆုံးဆုံးဖြတ်ချက်ချရာတွင် ဂျပန်နိုင်ငံက တရားစွဲဆိုမှု ရှုံးနိမ့်ခဲ့သည်။

ဖူကူရှီးမားအပါအဝင် ဂျပန်ပြည်သူအများစုက နျူကလီးယား ညစ်ညမ်းရေ ပင်လယ်အတွင်းသို့ လွှတ်ထုတ်မှုသည် တာဝန်မယူသည့် ပျော့ညံသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ယူဆကြသည်။
တံငါသည်များနှင့်တောင်သူလယ်သမားများကလည်း ၎င်းတို့၏ဒေသထွက်ကုန်ပစ္စည်းများကို စားသုံးသူများ လက်မခံတော့ဘဲ ၎င်းတို့စီးပွားရေးထိခိုက်လာမည်ကို စိုးရိမ်လျက်ရှိသည်။

ဖူကူရှီးမား နျူကလီးယား ကပ်ဘေး မတော်တဆ ဖြစ်ပွားမှုကြောင့် ရေဒီယိုဓါတ်ကြွပစ္စည်းများ ယိုစိမ့်ခဲ့ရာမှ ပင်လယ်သမုဒ္ဒရာ ပတ်ဝန်းကျင်၊ စားသောက်ကုန်လုံခြုံရေးနှင့် လူ့ကျန်းမာရေးအတွက် ထိခိုက်မှုများစွာဖြစ်ပွားစေခဲ့သည်။ နျူကလီးယား ညစ်ညမ်းရေ ပင်လယ်အတွင်းသို့ ဝင်ရောက်သွားပါက ရေရှည်ဆိုးကျိုးသက်ရောက်မှုမှာ မှန်းဆရခက်သလို နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာပါကလည်း ပြန်လည်အဖတ်ဆယ်ရန် ခဲယဉ်းမည်မှာ မုချမလွှဲပင် ဖြစ်သည်။
 
ဂျပန်နိုင်ငံအနေဖြင့် ဖူကူရှီးမား နျူကလီးယား ဓါတ်အားပေး စက်ရုံ ထရီတီယမ်ပါဝင်သည့် ရေဆိုးသန့်စင်မှုအစီအမံများ၏ သက်ရောက်မှုကို နက်နက်နဲနဲပြန်သုံးသပ်သင့်ပြီး အချိန်မီ တင်းကျပ်၊တိကျ၊ပွင်းလင်းမြင်သာသည့် နည်းလမ်း အချက်အလက်များကို ပြသကာ အနီးဝန်းကျင်နိုင်ငံများနှင့် အပြည့်အဝ ညှိနှိုင်းဆောင်ရွက်မှုပေါ်တွင် အခြေပြု၍ လေးလေးနက်နက် သတိထား ဆုံးဖြတ်ချက်ချသင့်ပေသည်။

(၃) နောက်ခံသမိုင်းကြောင်း
၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်က ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ပင်လယ်ပြင်တွင် ပြင်းအား အဆင့် ၉ ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခြင်းနှင့်အတူ အကြီးစားဆူနာမီဖြစ်ပေါ်ခဲ့သည်။ ထို ဆူနာမီ ငလျင်ဘေးကြောင့် Tokyo Electric Power Company(TEPCO)၏ ဖူကူရှီးမား အမှတ်(၁) နျူကလီးယား ဓါတ်အားပေး စက်ရုံရှိ ရေဒီယို သတ္တိကြွ ဓါတ်ပစ္စည်း ယိုစိမ့်မှု ဖြစ်ပွားခဲ့ရာ ၎င်းမှာ ဆိုဗီယက် ချာနိုဘိုင်း နျူကလီးယား ပေါက်ကွဲမှုအပြီး ဒုတိယအဆိုးဝါးဆုံးသော နျူကလီးယားမတော်တဆမှု ဖြစ်ခဲ့သည်။
ယခုနှစ် စက်တင်ဘာလအထိ နျူကလီးယား ဓါတ်အားပေးစက်ရုံအတွင်း ထောင်နှင့်ချီသော သိုလှောင်ကန်များတွင် တန်ချိန် သန်းပေါင်း ၁.၂၃ ခန့်ရှိသော ညစ်ညမ်းရေများကို သိုလှောင်ထားလျက်ရှိရာ ၂၀၂၂ ခုနှစ် နွေရာသီကာလတွင် လက်ခံနိုင်သည့် သိုလှောင်မှုပမာဏသည့် အဆုံးစွန်းကိုရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ ညစ်ညမ်းရေများ၏ ရေဒီယိုသတ္တိကြွ ဓါတ်ပစ္စည်းအများစုကို စစ်ထုတ်ထားပြီးဖြစ်ပြီး ထရီတီယမ်ပါဝင်မှုတော့ရှိဆဲဖြစ်ကြောင်း  TEPCOက ဆိုသည်။

Mainichi Shimbun ၏ သတင်းများအရ ဂျပန်နိုင်ငံအစိုးရအနေဖြင့် နျူကလီးယား ညစ်ညမ်းရေများကို ပင်လယ်အတွင်းသို့ လွှတ်ထုတ်မည်ဟု ဆုံးဖြတ်ပါက စက်ပစ္စည်ကိရိယာသစ်များ တပ်ဆင်ရန် လိုအပ်ပြီး နျူကလီးယား စောင့်ကြည့်စီမံခန့်ခွဲရေးကော်မတီ၏ စိစစ်မှုကို ခံယူရမည်ဖြစ်ရာ အချိန် ၂ နှစ် ခန့် လိုကြောင်း ဆိုသည်။ Yomiuri Shimbun၏ သတင်းများက နျူကလီးယားညစ်ညမ်းရေများကို လွှတ်ထုတ်ရာတွင် စီမံသန့်စင်ရန်လိုအပ်ရာ အလုံးစုံသန့်စင်မည်ဆိုပါက အချိန်အားဖြင့် နှစ်ပေါင်း ၃၀ ကြာမည်ဟု ခန့်မှန်းရကြောင်း ဆိုသည်။(Xinhua)