Connect with us

Asia

ထိုင်ဝမ်ငလျင် အပြီး ၅၂ နာရီ၌ အမျိုးသမီး တစ်ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်

ငလျင်ကြောင့် ပြိုကျခဲ့သည့် တိုင်နန်မြို့ ယုံခန်းဒေသ ရှိ ဝေကွမ်း အဆောက်အအုံ ၌ ကယ်ဆယ်ရေး ဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ထိုင်ဝမ်ဒေသတွင် အင်အား ၆.၇ ရှိသည့် ငလျင် တစ်ခု လှုပ်ခတ်ပြီး ၅၂ နာရီ အကြာ၌ ထိုင်ဝမ်တောင်ပိုင်း တိုင်နန်မြို့ရှိ အဆောက်အအုံ အပျက်အစီး အပိုင်းအစများ အောက်မှ အမျိုးသမီးတစ်ဦးအား အသက်ရှင်လျက် ပြန်လည် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

မျိုးရိုးအမည် Tsao ဟု ခေါ်သည့် အဆိုပါ အမျိုးသမီးသည် ငလျင်ကြောင့် ပြိုကျခဲ့သည့် တိုင်နန်မြို့ ယုံခန်းဒေသရှိ ဝေကွမ်း အဆောက်အအုံ၏ ခုနစ်ထပ်မြောက်၌ ၎င်း၏ မိသားစု ခုနစ်ယောက်နှင့် အတူ ပိတ်မိနေခြင်း ဖြစ်ကြောင်း သိရသည်။

ကယ်ထုတ်လာချိန်တွင် ယင်း အမျိုးသမီးသည် သတိရှိနေသော်လည်း စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။

Tsao အားတွေ့ရှိချိန်၌ ၎င်း၏ ခင်ပွန်းနှင့် ၂ နှစ်အရွယ် သားငယ်မှာ သေဆုံးနေပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေး ဝန်ထမ်းများက ဆိုသည်။

ကျန်ရှိနေသည့် Tsao ၏ မိသားစုများကို ကယ်ဆယ်ရေး ဝန်ထမ်းများက အပျက်အစီးများကြားတွင် ဆက်လက် ရှာဖွေလျက် ရှိကြောင်းကိုလည်း သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် အနည်းဆုံး လူ ၃၇ ဦး သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ခန့်မှာ အပျက်အစီး အကျိုးအပဲ့များ အောက်တွင် ကျန်ရှိနေသည်ဟု ယူဆကြကြောင်း သိရသည်။

တရုတ် နှစ်သစ်ကူး အားလပ်ရက်များ စတင်နေပြီ ဖြစ်သော်လည်း ပျောက်ဆုံးနေသည့် ဆွေမျိုးများ သတင်းကို စောင့်မျှော်နေသည့် မိသားစုဝင်များ နှင့်အတူ ပွဲတော်များသည်လည်း တိတ်ဆိတ် ငြိမ်သက်လျက် ရှိကြောင်း သိရသည်။

ထိုင်ဝမ် ဒေသတွင် ငလျင် လှုပ်ခတ်မှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အများစုမှာ ထိခိုက် သေဆုံးမှု မရှိသော်လည်း လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်က လှုပ်ခတ်ခဲ့သော အင်အား ၇.၃ ရှိသည့် ငလျင်ကြောင့် လူပေါင်း ၂,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.