Connect with us

Asia

ကာဇက်စတန် လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူအရေအတွက် ၁၄ ဦးအထိရှိလာ

ကာဇက်စတန်နိုင်ငံရှိ Bek Air လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း အယ်လ်မတ်တီမြို့အနီးတွင် ဒီဇင်ဘာ ၂၇ ရက် အစောပိုင်း၌ ပျက်ကျခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နာ-စူလ်တန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ကာဇက်စတန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အယ်လ်မတ်တီမြို့အနီးတွင် ဒီဇင်ဘာ ၂၇ ရက် အစောပိုင်း၌  လူ ၁၀၀ ခန့်တင်ဆောင်လာသော Bek Air လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ပျက်ကျမှုတွင် သေဆုံးသူ အရေအတွက်မှာ ၁၄ ဦးထက်မနည်း ရှိလာခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက ပြောခဲ့သည်။

အဆိုပါ လေယာဉ်သည် လေဆိပ်မှ ပျံတက်ပြီး ခဏအကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အယ်လ်မတ်တီ အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ကြေညာချက်အရ သိရသည်။ လေယာဉ်ပျက်ကျရာနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းနှင့် ကျန်းမာရေးဝန်ထမ်းများလည်း လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

၎င်းလေယာဉ်သည် အယ်လ်မတ်တီမြို့မှ မြို့တော် နာ-စူလ်တန်သို့ ပျံသန်းနေခြင်းဖြစ်သည်။ ယင်းလေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၇:၀၅ နာရီတွင် လေဆိပ်မှပျံတက်သွားခဲ့ပြီး နံနက် ၇:၂၂ နာရီတွင် ရုတ်တရက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း လေဆိပ်က ပြောခဲ့သည်။ 

အယ်လ်မတ်တီမြို့ အစိုးရ၏ ဖော်ပြချက်အရ လေယာဉ်ပျက်ကျမှုကြောင့် လူ ၁၄ ဦး သေဆုံးပြီး အခြားသူ ၂၀ ဦးလည်း စိုးရိမ်ဖွယ်အခြေအနေဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

Bek Air လေကြောင်းလိုင်း ခရီးစဉ်အမှတ် Z9-2100 သည် ခရီးသည် ၉၅ ဦးနှင့် လေယာဉ်ဝန်ထမ်း ၅ ဦးကို တင်ဆောင်ကာ ပျံသန်းထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ယင်းလေယာဉ်သည် ကွန်ကရစ်နံရံတစ်ခုကို တိုက်မိခဲ့ပြီး နှစ်ထပ်အဆောက်အအုံတစ်ခု ပျက်စီးသွားခဲ့ကာ မီးလောင်ကျွမ်းမှုမရှိခဲ့ကြောင်း သိရသည်။

လေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရန် ကာဇက်စတန်နိုင်ငံ ဝန်ကြီးချုပ် အက်စ်ကာ မာမင် (Askar Mamin)  ညွှန်ကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.