Connect with us

Asia

ကွဲကွာနေသည့် မိသားစုများ ပြန်လည်တွေ့ဆုံရေးအတွက် တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားတို့ ဆွေးနွေးညှိနှိုင်းမှု စတင်

ကိုရီးယားနှစ်နိုင်ငံအကြား ကွဲကွာနေသည့် မိသားစုဝင်များ ယခင်ပြုလုပ်ခဲ့သော တွေ့ဆုံပွဲ၌ ပြန်လည်ဆုံတွေ့ကြစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံ သည် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ခွဲခြားထားခံရသည့် ကိုရီးယားမိသားစုဝင်များ ပြန်လည်တွေ့ဆုံခြင်းအပါအဝင် လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များအား ဆွေးနွေးရန် ဇွန် ၂၂ ရက်တွင် ဆွေးနွေးညှိနှိုင်းမှုစကားဝိုင်းအား စတင်ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နှစ်နိုင်ငံဘက်မှ ကိုယ်စားလှယ်အဖွဲ့များသည် ဒေသစံတော်ချိန် နံနက် ၁၀နာရီ တွင် မြောက်ကိုရီးယားနိုင်ငံ Kumgangတောင် အပန်းဖြေစခန်းရှိ ဟိုတယ်တစ်ခု၌ စီစဉ်ထားသည့်အတိုင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် အရှေ့ပိုင်းဒေသ ရှိ ကုန်းလမ်းကြောင်းဖြင့် ယင်းဟိုတယ်သို့ သွားရောက်ခဲ့ပြီး မျက်နှာစုံညီအစည်းအဝေးပွဲသည် ၄၅မိနစ်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးညှိနှိုင်းမှု စကားဝိုင်း၏ အဓိက အစီအစဉ်မှာ ကွဲကွာနေသော မိသားစုဝင်များ ပြန်လည်တွေ့ဆုံရေး အတွက်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် နှင့် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်း တို့သည် ဧပြီ ၂၇ရက်တွင် ၎င်းတို့၏ ပထမဆုံးထိပ်သီးအစည်းအဝေးပွဲပြုလုပ်ပြီးနောက် သြဂုတ် ၁၅ ရက်တွင် ပြန်လည်တွေ့ဆုံပွဲပြုလုပ်ပေးရန် သဘောတူခဲ့ကြောင်း သိရသည်။

ပြန်လည်တွေ့ဆုံပွဲအား သဘောတူညီထားသည့်အတိုင်း သြဂုတ် ၁၅ရက်တွင် ကျင်းပဖြစ်ခဲ့ပါက ယင်းနေ့သည် ၁၉၁၀-၄၅ ဂျပန်တို့၏ လက်အောက်မှ ကိုရီးယားကျွန်းဆွယ် လွတ်မြောက်သည့် ၇၃နှစ်ပြည့်အထိမ်းအမှတ်နေ့ တစ်ခုဖြစ်သလို ၂၀၁၅ခုနှစ် အောက်တိုဘာတွင် ကျင်းပခဲ့သည့် ပြန်လည်တွေ့ဆုံပွဲအပြီး ပြုလုပ်သော ပထမဆုံးသော တွေ့ဆုံပွဲဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

အခြားဆွေးနွေးမှုများအနေဖြင့် ကိုရီးယားနှစ်နိုင်ငံ တစ်ဝန်းရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များ နှင့် ပတ်သက်၍ အခြေခံကျကျဖြေရှင်းနည်းများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်စားလှယ်အဖွဲ့များသည် ကွဲကွာနေသည့် မိသားစုဝင်များအားလုံး အသက်ရှင်ကျန်ရစ်ခြင်း ရှိ၊မရှိ စုံစမ်းခြင်း၊ ပေးစာများ လဲလှယ်ခြင်း၊ နယ်စပ်တစ်လျှောက်ရှိ မွေးရပ်ဇာတိများသို့ မိသားစုဝင်များ အလည်အပတ်သွားရောက်ခြင်းတို့ နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဟု ယူဆရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.