Connect with us

Asia

ဂျပန်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ကလေးမွေးဖွားမှုနှုန်း စံချိန်တင် ထပ်မံကျဆင်းနိုင်ဟု ခန့်မှန်းရ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မုန့်စားနေသည့် ကလေးငယ်တစ်ဦးအား ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ကလေးမွေးဖွားမှုနှုန်း ၂၀၁၉ ခုနှစ်ထက် ပို၍ များစွာကျဆင်းနိုင်သည်ဟု ခန့်မှန်းပြီး ၎င်းမှာ ငါးနှစ်ဆက်တိုက် စံချိန်တင် ကျဆင်းခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ် ကလေးမွေးဖွားမှုနှုန်းသည် ၈၄၅,၀၀၀ ဦးခန့်ရှိမည်ဟု ခန့်မှန်းပြီး ယင်းပမာဏသည် ၂၀၁၉ ခုနှစ် ၏ ၈၆၅,၀၀၀ ဦး ခန့် ထက် လျော့နည်းကြောင်း Kyodo သတင်းဌာနက အစိုးရ သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ အောက်တိုဘာ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ ဩဂုတ်လအတွင်း ကလေးမွေးဖွားမှုနှုန်းသည် ၅၈၀,၀၀၀ ဦးဖြစ်ရာ ပြီးခဲ့သည့်နှင့်ကာလတူထက် ၂ ဒသမ ၃ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း ကနဦး ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးဦးရေသည်လည်း အလားတူလျော့နည်းလျက်ရှိရာ ထိုကိန်းဂဏန်းများဖြင့် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင် အသစ်မွေးဖွားမည့် ကလေးငယ်ဦးရေကို တွက်ချက်ရာတွင် အသုံးပြုခဲ့ကြောင်း ဆိုသည်။

ယခုနှစ် ကလေးမွေးဖွားမှုနှုန်း လျော့ကျမှုသည် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ဆက်စပ်လျက်ရှိကြောင်း သတင်းအရင်းအမြစ်က ဆိုသည်။ “ကိုဗစ်ကပ်ရောဂါကြောင့် လူတွေက စီးပွားရေးအလားအလာကို စိုးရိမ်ပူပန်မှုတွေရှိနေတယ်။ ဒါကလည်း ကလေးမွေးဖွားနှုန်း ဆက်လက်လျော့နည်းစေတဲ့ အချက်ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ မွေးကင်းစကလေးငယ် တိုးပွားမှု ဦးရေသည် ၈ သိန်းအောက် လျော့နည်းနိုင်တယ် ” ဟု ၎င်းက ဆိုသည်။

ကလေးမွေးဖွားမှုနှုန်းလျော့နည်းခြင်းနှင့် သက်ကြီးရွယ်အို အရေအတွက်များလာခြင်းသည် ဂျပန်နိုင်ငံ ရင်ဆိုင်နေရသည့် အဓိက လူမှုပြဿနာဖြစ်ရာ သက်ကြီးရွယ်အိုထောက်ပံ့ကြေး၊ ဆေးကုသမှုစသည့် ကဏ္ဍများတွင် သက်ရောက်မှုရှိနေကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ အသစ်မွေးဖွားသည့် မွေးကင်းစကလေးငယ် အရေအတွက်သည် ၁ သန်းအောက်သို့ ပထမဆုံး ကျဆင်းခဲ့ခြင်း ဖြစ်သည်။ကလေးမွေးဖွားမှုနှုန်းကျဆင်းလာရခြင်း၏ အကြောင်းအရင်းတွင် လူအများစုက အိမ်ထောင်မပြုခြင်း သို့မဟုတ် အိမ်ထောင်နောက်ကျမှ ပြုခြင်းတို့ပါဝင်ကြောင်း Kyodo သတင်းများက ဆိုသည်။(Xinhua)