Connect with us

Asia

ဂျာကာတာမြို့ ရှိ ဘတ်စ်ကားဂိတ်တစ်ခုတွင် အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၂ဦးသေ၊ ၄ဦးဒဏ်ရာရရှိ

ဂျာကာတာ၊ မေ ၂၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမြို့ ရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခု အနီး တွင် မေ ၂၄ရက် ညက အသေခံဗုံးဖောက်ခွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် လူ ၂ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် မျက်မြင်တွေ့ရှိခဲ့သူများက မေ ၂၅ရက် နံနက်တွင်ပြောကြားခဲ့သည်။

အမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ဗိုလ်ချုပ်ကြီး Syafruddin က အသေခံဗုံးဖောက်ခွဲမှု သည် ဂျာကာတာမြို့ Kampung Melayu ဧရိယာ ရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခု အနီးတွင် ဖြစ်ပွားခဲ့၍ လူ ၂ဦးသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

Syafruddin က “သေဆုံးသူများထဲက တစ်ဦးဟာ အရပ်သားတစ်ဦးဖြစ်တဲ့အပြင် အသေခံဗုံးခွဲသမားလည်း ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

အသေခံဗုံးဖောက်ခွဲမှုကြောင့် အနီးရှိ အဆောက်အအုံများမှ ပြတင်းပေါက်မှန်များ ပျက်စီးသွားစဉ် (ဆင်ဟွာ)

အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့သည့် ဘတ်စ်ကားဂိတ်အနီး ၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် (ဆင်ဟွာ)

အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့သည့် ဘတ်စ်ကားဂိတ်အနီး ၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဗုံးပေါက်ကွဲမှုကို မျက်မြင်တွေ့ရှိခဲ့သူ Simon Namaraut က အမျိုးသမီးတစ်ဦး သတိမေ့လဲကျသွားသည်ကို တွေ့ခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့ဝင် ၂ဦးလည်း လဲကျသွားခဲ့ပြီး တစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ပေါက်ကွဲမှု က ဘတ်စ်ကားမှတ်တိုင်ကို အကြီးအကျယ် ပျက်စီးသွားစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နောက်ထပ် မျက်မြင်တွေ့ရှိခဲ့သူ Sinaga က ပထမဗုံးပေါက်ကွဲမှုသည် ည ၂၁း၀၀နာရီတွင်ဖြစ်ပွားခဲ့ပြီး ၅မိနစ်ခန့်အကြာတွင် ဒုတိယ ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာနေရာတွင် ရဲတပ်ဖွဲ့က အတားအဆီးများ ကာရံထားပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့ဝင်များလည်းရောက်ရှိလာကြောင်း သိရသည်။

ဒဏ်ရာရရှိသူများကို နီးစပ်ရာ Premier ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့တွင် အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားပြီး ရက်အနည်းငယ်အကြာတွင် ယင်းအသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.