Connect with us

Asia

 စီးပွားရေးစိန်ခေါ်မှုများအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားရန် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း တိုက်တွန်း

စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းက ဇွန် ၂၃ ရက်တွင် သမ္မတအိမ်တော်၌ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

စင်ကာပူ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)

စင်ကာပူနိုင်ငံသားများအနေဖြင့် စီးပွားရေး ဆိုးဝါးစွာ ဆုတ်ယုတ်လာမှုကို ရင်ဆိုင်ဖြေရှင်းရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းက ဩဂုတ် ၉ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

ယနေ့ ဩဂုတ် ၉ ရက်တွင် ကျရောက်သော ၅၅ နှစ်မြောက် စင်ကာပူနိုင်ငံ အမျိုးသားနေ့အခမ်းအနားတွင် ဝန်ကြီးချုပ် လီရှန်လွန်းက ရုပ်မြင်သံကြား၊အသံလွှင့်ဌာနနှင့်အွန်လိုင်းမှတစ်ဆင့် မိန့်ခွန်း ပြောကြားစဥ် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။

စင်ကာပူသည် ကိုဗစ်အကျပ်အတည်းအန္တရာယ်မှ လုံးဝရုန်းထွက်ရန် အချိန်အတိုင်းအတာ တစ်ခု လိုအပ်နေ သေးကြောင်း၊ စင်ကာပူနိုင်ငံသားများအနေဖြင့် လက်ရှိအချိန်သည် မည်သည့်အချိန်ထက်မဆို စည်းလုံးညီညွတ်ရန်ခိုင်မာသောဇွဲရှိရန် လိုအပ်ကြောင်း လီရှန်လွန်းက ပြောကြားခဲ့သည်။

ကြိုတင်ကာကွယ်ရေးနည်းလမ်းများ အပြည့်အဝလုပ်ထားပြီးဖြစ်သော်လည်း ကပ်ရောဂါ နောက်ထပ်လှိုင်းသစ် စင်ကာပူတွင် ဖြစ်နိုင်ခြေရှိသေးကြောင်း ၎င်းက ဆိုသည်။ရှေ့ဆက်၍ လအတန်ကြာစင်ကာပူ၌ ကုမ္ပဏီလုပ်ငန်းများ ပိုမို ပိတ်သိမ်းရနိုင်ဖွယ်၊ ဝန်ထမ်းများ ပိုမို လျှော့ချရနိုင်ဖွယ် အနေအထားများ ဖြစ်နေကြောင်း၊ စင်ကာပူနိုင်ငံသားများအနေဖြင့် ဇွဲရှိကြံခိုင်ရန် လိုအပ်ကြောင်း  လီရှန်လွန်းက ပြောကြားခဲ့သည်။

စင်ကာပူသည် စီးပွားရေးအကျပ်အတည်းကို ပထမဆုံးအကြိမ် ကြုံတွေ့ရင်ဆိုင်ရခြင်းမဟုတ်ကြောင်း၊ ယခင် အကျပ်အတည်းကြုံတွေ့သည့်အခါတိုင်း စင်ကာပူနိုင်ငံပြည်သူများသည် ကြံ့ခိုင် တည်ငြိမ်စွာ ရပ်တည်ကြိုးစားခဲ့ကြပြီး တစ်နိုင်ငံလုံးပြည်သူများအတူ လက်တွဲကျော်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

စင်ကာပူ အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၉ ရက် မနက်ပိုင်းတွင်  စင်ကာပူနိုင်ငံ City Hallရှေ့ မြက်ခင်းပြင်၌ ကျင်းပခဲ့ပြီး ယခင်နှစ်ကလို လူများစွာ မပါဘဲ အကျဉ်းချုံ့ပြုလုပ်ခဲ့ကြောင်းနှင့်ကပ်ရောဂါတိုက်ဖျက်ရေးအနက်အဓိပ္ပါယ်ဖော်ဆောင်နိုင်သည့် နေရာ ၇ ခုတွင်လည်း အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ ယနေ့ ညပိုင်းတွင် ၅၅ နှစ်ကြာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသား‌နေ့အခမ်းအနားဖျော်ဖြေပွဲကို The Star Performing Arts Centreတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)