Connect with us

Asia

အာရှ၌ အကြီးအကျယ်ရေကြီးမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ပြင်ပ၌ ရေကြီးရေလျှံမှုကြောင့် လှေဖြင့် သွားလာသူများအား ဇူလိုင် ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂက အာရှနိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် ၊ မြောက်ကိုရီးယား နှင့် အိန္ဒိယ နိုင်ငံတို့၌ အကြီးအကျယ် ဖြစ်ပွါးနေသော ရေကြီးမှုများအပါ်  စိုးရိမ်ကြောင်း ဩဂုတ် ၁၁ ရက်တွင် အလေးပေးပြောကြားခဲ့ပြီး ကူညီရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်တွင် အဆိုးရွားဆုံး နှင့် ကာလကြာရှည်သော မိုးရာသီ ရေကြီးမှုအား ပြည်သူများ ကြုံတွေ့နေရသည်။ နိုင်ငံ၏ လေးပုံတစ်ပုံသည် ရေလွှမ်းမိုးနေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ပြောကြားခဲ့သည်။

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ Faridpur မြို့၌ လူနေအိမ်များ ရေကြီးနစ်မြုပ်နေသည်ကို ဇူလိုင် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ မုတ်သုန်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနေသော လမ်းပေါ်တွင် သွားလာနေသူများအား ဩဂုတ် ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အနည်းဆုံး ပြည်သူ ၅ ဒသမ ၄ သန်း ထိခိုက်ခဲ့ပြီး အိမ်ထောင်စုပေါင်း ၁၁,၀၀၀ မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ကာ လူပေါင်း ၁၃၅ ဦး သေဆုံးခဲ့ကြောင်း OCHA က ပြောကြားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာဝန်ရှိသူများ နှင့်အတူ အများဆုံး လိုအပ်နေသည့် အစားအစာ ၊ အမိုးအကာ ၊ ရေသန့် ၊ တစ်ကိုယ်ရည် သန့်ရှင်းရေး ပစ္စည်းများ နှင့် အခြား လိုအပ်ချက်များအား ထောက်ပံ့ကူညီရန် လုပ်ဆောင်နေကြောင်း သိရသည်။

လိုအပ်ချက် အများဆုံး ရှိသော လူဦးရေ ၁ သန်းကျော်အား ကူညီရန် အမေရိကန်ဒေါ်လာ သန်း ၄၀ ဖြင့် တုံ့ပြန်ရေး အစီအစဉ် တစ်ခု စတင်ခဲ့ကြောင်း ၊ ယင်းအစီအစဉ်တွင် သဘာဝဘေးအန္တရာယ် အများဆုံးကြုံတွေ့ရသည့် ကလေးသူငယ်များ နှင့် အမျိုးသမီးများအား ထောက်ပံ့ခြင်းများ ပါဝင်ပြီး ကလေးသူငယ်များ နှင့် အမျိုးသမီး ၇၀ ရာခိုင်နှုန်းကျော်အား အကူအညီပေးရန် ရည်မှန်းထားကြောင်း OCHA က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၌ ဩဂုတ် ၁ ရက်မှ ၆ ရက် အကြား ပုံမှန်မဟုတ်သော မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး အထူးသဖြင့် နိုင်ငံတောင်ပိုင်း စိုက်ပျိုးရေးဒေသ ပြည်နယ်အချို့တွင် ရက်သတ္တပတ်အတွင်း စုစုပေါင်း နှစ်စဉ် မိုးရွာသွန်းမြဲ ပမာဏနီးပါး ထိ မိုးရေချိန်ရောက်ရှိခဲ့သည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့က အစိုးရတာဝန်ရှိသူများနှင့် ဆက်သွယ်၍ လိုအပ်ပါက ထိခိုက်မှု အများဆုံး အသိုင်းအဝိုင်းအား ကူညီရန် အဆင်သင့်ရှိနေသည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံ၌ အနောက်တောင် မုတ်သုန်လေက ပြည်နယ်အများစုအပေါ် ဆက်လက် သက်ရောက်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် ရေကြီးမှုတို့ကြောင့် နိုင်ငံတစ်ဝှမ်း လူပေါင်း ၇၇၀ ဦးကျော် သေဆုံးခဲ့ကြောင်း  OCHA က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန (NIDM) က လူပေါင်း ၅၆၈,၀၀၀ ဦးအား ကယ်ဆယ်ခဲ့ပြီး ကယ်ဆယ်ရေး စင်တာ ၁,၀၀၀ ကျော်တွင် လူပေါင်း ၂၁၀,၀၀၀ ဦးအား လက်ခံထားကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သော ဩဂုတ် ၇ ရက်တွင် မုတ်သုန်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံတောင်ပိုင်း Kerala ပြည်နယ်၌ ကြီးမားသော မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၃ ဦးထက်မနည်း သေဆုံးကာ အခြား ၂၇ ဦးမှာ ပျောက်ဆုံးနေကြောင်း NIDM ထံမှ သိရသည်။

ကုလသမဂ္ဂအနေဖြင့် အိန္ဒိယနိုင်ငံ၌ ထိခိုက်လွယ်မှု အများဆုံး နှင့် ထိခိုက်နစ်နာသော အသိုင်းအဝိုင်းအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများ ပေးရန် အဆင်သင့်ရှိကြောင်း OCHA က ပြောကြားခဲ့သည်။ (Xinhua)