Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် လူ ၁၃ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ Camarines Surပြည်နယ် San Fernandoမြို့တွင် ဇွန် ၈ ရက် က ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားရာ ကလေးငယ်နှစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီဒဏ်ရာရမှုများ ဖြစ်ပွား ခဲ့ကြောင်း ယင်း ဒေသ ရှိ ရဲဌာနက ဇွန် ၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အချင်းဖြစ်ရပ်မှာ ဇွန် ၈ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အနည်းဆုံး လူ ၅၃ ဦး တင်ဆောင်လာသည့် ထရပ်ကားတစ်စီးသည် ကုန်းအဆင်းတွင် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကြီးကိုဝင်တိုက်မိခဲ့ကြောင်း ၊ ယင်းနောက် ကုန်းဆင်းကို အရှိန်နှင့်ထိုးဆင်းသွားရာ ယာဉ်ပေါ်ရှိ လူအချို့ကားပေါ်မှလွှင့်စင်သွားသလို လမ်းသွားလမ်းလာအချို့ကိုလည်း ဝင်တိုက်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဒဏ်ရာရသူအချို့မှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။ ဒေသခံရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးချက်များအရ မော်တော်ယာဉ်မှာ ဝန်ပိုတင်ဆောင်ခြင်းနှင့် ယာဉ်မောင်း၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါထရပ်ကားတွင်လိုက်ပါလာသော ခရီးသည်များမှာ မင်္ဂလာစေ့စပ်ပွဲတစ်ခုကို သွားခြင်းဖြစ်ပြီး အပြန်ခရီးတွင် ယခုကဲ့သို့ အဖြစ်ဆိုးနှင့်ကြုံတွေ့ရခြင်းဖြစ်ကြောင်း ၊ သေဆုံးသူများတွင် မင်္ဂလာစေ့စပ်ပွဲ၏သတို့သမီးလောင်း ပါဝင်ကြောင်း ရဲဘက်ဆိုင်ရာက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ကျေးရွာဒေသများတွင် ထရပ်ကားကို ခုံတန်းရှည်ထိုးကာ ခရီးသည်တင်ကားအဖြစ် အသုံးပြုလေ့ရှိကြသည်။ လမ်းမကောင်းခြင်း၊ယာဉ်ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်း စသည်တို့ကြောင့် ယာဉ်မတော်တဆမှုများ ဖိလစ်ပိုင်တွင် မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။(Xinhua)